သူ၏ ဝန်ကြီးဌာနတွင် အကောင်အထည်ဖေါ်မည့် မူဝါဒသစ်များနှင့်ပတ်သက်၍ လွန်ခဲ့သောနှစ်က မေးမြန်းသောအခါ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သည် ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး အတော့်ကို တက်ကြွ စိတ်အားထက်သန်ပုံရသည်။ နိုင်ငံပိုင် မီဒီယာသည် အစိုးရ၏ သတင်းသက်သက်ကိုသာ မထည့်တော့ဘဲ လူထု၏ တုန့်ပြန်မှုများ၊ အမြင်များကိုပါ ဖော်ပြမည်ဟု သူက ပြောသည်။
“လူထုကြားမှာ အမြင်အမျိုးမျိုး ရှိကြတယ်။ အစိုးရမူဝါဒကို သဘောတူသူလည်း ရှိတယ်။ သဘောမတူသူလည်း ရှိနိုင်တယ်။အဲဒီလို လူတွေအတွက် နေရာပေးနိုင်ရင် အစိုးရမီဒီယာဟာ ပုဂ္ဂလိကမီဒီယာလိုဘဲ စိတ်ဝင်စားစရာ ကောင်းလာမယ် ထင်တယ်။ အဲဒီလိုဖြစ်အောင် လုပ်ဖို့ ကျနော်တို့ စီစဉ်နေတယ်” ဟု ဦးဖေမြင့်က သူ၏ ဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်နှင့် ပတ်သက်ပြီး လွန်ခဲ့သော ဇွန်လက ပြောခဲ့သည်။ ထိုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြောင်းလဲချိန်တန်ပြီ ဟူသောကြွေးကြော်သံဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အာဏာရသည့် နှစ်လအကြာတွင် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ယခုလကုန်တွင် အာဏာရသက်တမ်း တနှစ်ပြည်တော့မည်ဖြစ်သော်လည်း ဦးဖေမြင့်၏ အပြောင်းအလဲတာဝန်မှာ ရုပ်လုံးပေါ်လာခြင်း မရှိသေးပေ။ ဦးဖေမြင့်၏ ထိန်းချုပ်မှုအောက်မှ နိုင်ငံပိုင် သတင်းစာသုံးခုဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်းနှင့် ဂလိုဘယ်နယူးလိုက်အေ့ာမြန်မာ (The Global New Light of Myanmar) တို့သည် တနိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်နေသည့် သတင်းများကို ပုဂ္ဂလိကသတင်းစာများက ဖော်ပြနေချိန်တွင် နိုင်ငံပိုင် အဆိုပါ သတင်းစာသုံးစောင်တွင် ထိုသတင်းများကို ဖော်ပြခြင်း မရှိပေ။
မွန်ပြည်နယ်မှ တံတားတစင်းအတွက် အစိုးရက သတ်မှတ်သည့်အမည်ကို ထောင်ပေါင်းများစွာသော ဒေသခံ မွန်လူမျိုးများ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကန့်ကွက်ဆန္ဒပြသောသတင်းအား မည်သည့် အစိုးရမီဒီယာကမှ ဖော်ပြခြင်း မရှိကြပေ။ ထိုဆန္ဒပြပွဲသည် ရွေးကောက်ခံ အစိုးရကို ကန့်ကွက်သည့် ဆန္ဒပြပွဲများအနက် လက်ရှိအချိန်အထိ အကြီးမားဆုံးဖြစ်သည်။
မွန်တိုင်းရင်းသားတို့၏ ဆန္ဒပြပွဲမတိုင်မီ ရက်အနည်းငယ်ကလည်း ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူကျောင်သား ရာပေါင်းများစွာတို့သည် အစိုးရ၏ မူဝါဒဖြစ်သော ဘွဲ့ရပြီး ၃ နှစ်ကြာ အစိုးရတာဝန်ထမ်းဆောင်ပြီးမှ သူနာပြုနှင့် သားဖွားဆရာမ လိုင်စင် ထုတ်ပေးခြင်းကို ကန့်ကွက်ရန် ဆန္ဒပြခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအောက်တွင် အကြီးမားဆုံး ကျောင်းသားဆန္ဒပြပွဲဖြစ်သောကြောင့် ကျန်းမာရေးဝန်ုကြီးမှာ ပြဿနာကိုဖြေရှင်းရန် ပြည်ပခရီး တဝက်တပျက်နှင့် ပြန်လာခဲ့ရသည်။
သို့သော် သတင်းစာဖတ်သူများမှာ နောက်တနေ့ နံနက်ခင်း အိပ်ယာအထ သတင်းစာကောက်ကိုင်သောအခါ ထိုသတင်းများကို မတွေ့ကြရပေ။ ဆိုရှယ်မီဒီယာနှင့် ပုဂ္ဂလိက သတင်းစာများသာမရှိလျှင် ထိုဖြစ်ရပ်များဖြစ်ခဲ့သည်ကို နိုင်ငံတဝန်းရှိပြည်သူများ သိကြမည် မဟုတ်ပေ။
ထိုသတင်းများအပြင် အလုပ်သမားဆန္ဒပြပွဲများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နိုင်ငံသားလက်မှတ်ထုတ်ပေးခြင်းကို ကန့်ကွက်မှုများ၊ အမျိုးသားရေးဝါဒီ ဘုန်းကြီးဦးဝီရသူကို နိုင်ငံတော်သံဃာ့နာယကအဖွဲ့က တရားဟောခွင့်ပိတ်ပင်ခြင်းစသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာများ မထုတ်ပြန်သည့် သတင်းများစွာ ရှိသေးသည်။
ထိုသို့ မဖော်ပြသော သတင်းများနှင့် ပတ်သက်ပြီး မေးမြန်းသောအခါ သတင်းစာတွင် ဖော်ပြမည့် အကြောင်းအရာများကို အယ်ဒီတာ အဖွဲ့ကသာ ဆုံးဖြတ်သည်ဟု ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
မကြာသေးမီက ရန်ကုန်နှင့် မွန်ပြည်နယ်မှ ဆန္ဒပြပွဲ သတင်းနှစ်ခုလုံးကို သတင်းထောက်များက နောက်ကျမှ ပို့သောကြောင့် မထည့်ဖြစ်ကြောင်း၊ အစိုးရကို ဆန့်ကျင်သောကြောင့် မထည့်ခြင်း မဟုတ်ကြောင်း သူက ရှင်းပြသည်။
“သူတို့ သတင်းပို့တဲ့ အချိန်မှာ ဒီသတင်းတွေက ပုဂ္ဂလိကသတင်းစာတွေမှာ အကုန်ပါပြီးနေပြီ။ ဒါကြောင့် မထည့်ဖြစ်တော့တာ” ဟု ကြေးမုံ အယ်ဒီတာချုပ်က အင်္ဂါနေ့က ပြောသည်။
သူက နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ သတင်းများကို နိုင်ငံပိုင်မီဒီယာများက ဦးစားပေးခြင်းကိုလည်း နိုင်ငံပိုင် သတင်းစာဖြစ်သောကြောင့် ဖော်ပြရသည်ဟု ကာကွယ်ပြောကြားသည်။
အစိုးရ မီဒီယာများသည် ဝန်ကြီး ဦးဖေမြင့် ကတိပြုသည့်အတိုင်း မည်သည့်အတွက် မပြောင်းလဲနိုင်သည်ကို မေးသောအခါ “စွမ်းဆောင်ရည် မရှိလို့”ဟု ဦးခင်မောင်ကျော်ဒင်က ဆိုသည်။
“အခုကတော့ မပြောင်းလဲသေးဘူးဆိုတာ ပြောင်းလဲအောင် သတင်းထောက်တွေ အရည်အသွေးမြှင့်တာတွေ၊ သတင်းထောက်တွေ တိုးချဲ့တာတွေ ဒီဘက်က လုပ်ရတယ်။ အစိုးရ လုပ်ဆောင်တာတွေကလည်း အရေးကြီးတာ များတယ်။ အဲ့ဒါတွေကို အသိပေးရသလို သတင်းထောက်ပိုင်းမှာလည်း အားနည်းတယ်။ အဲ့ဒါတွေမြှင့်တင်ပြီးတော့ ဆောင်ရွက်နေတာပေါ့။ နောက်ပိုင်းတော့ ပိုပြောင်းလဲမှု ရမှာပါ။ လုပ်သွားမှာပါ။”