တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ (UNFC) တပ်ပေါင်းစု အတွင်းက အဖွဲ့ဝင်အချို့အကြား အစိုးရနှင့် အပစ်ရပ် လက်မှတ် ထိုးရေး၊ မထိုးရေး လမ်းကြောင်း နှစ်ခု၏ ကွဲအက်သံများ ထွက်ပေါ်လာနေသည်။
UNFC တပ်ပေါင်းစု အတွင်းက အမာခံအဖွဲ့ တဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) က အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးရန် မွန်နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း NMSP ခေါင်းဆောင် တဦး ဖြစ်သည့် နိုင်ဝင်းလှက သတင်းမီဒီယာများထံ ထုတ်ပြောလိုက်ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၁၂ ရက်နေ့ကစပြီး သုံးရက်ကြာပြုလုပ်ခဲ့သော UNFC ဗဟိုုအလုုပ်အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ရှမ်းပြည်တိုးတထက်ရေးပါတီ (SSPP) တို့က NCA ကို ရေးထိုးမည်မဟုတ်ဘဲ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေး လမ်းစဉ်အတိုင်း လိုက်မည်ဟု လေသံ ပစ်ခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူအချို့က ဖွင့်ပြောသည်။
KIO နှင့် SSPP တို့သည် UWSA ဌာနချုပ် ရှိရာ ပန်ခမ်း (ပန်ဆန်း) မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့ သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် မြန်မာ- တရုတ်နယ်စပ်၌ အခြေစိုက်ကြသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေး အပြီးတွင် အစိုးရနှင့် ပြုလုပ်နေသည့် NCA လမ်းကြောင်း အတိုင်းမသွားဘဲ “ငြိမ်းချမ်းရေးလမ်းစဉ်အသစ်” ရှာမည်ဟု UWSA က ၎င်းတို့၏ မူလ ရည်ရွယ်ချက်အတိုင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး “နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ– ယာယီ” ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုကော်မတီတွင် KIO နှင့် SSPP တို့ ပါဝင်နေသည်။
KIO နှင့် SSPP တို့အနေဖြင့် UNFC နှင့် ဆက်သွားမလား၊ သို့မဟုတ် UWSA က ကြိုးပမ်းနေသည့် “ငြိမ်းချမ်းရေး လမ်းစဉ်အသစ်” လမ်းကြောင်းအတိုင်း သွားမလား ဆိုသည်ကို လူထုကို တရားဝင် အသိပေး ရှင်းလင်းသည့် သတင်းထုတ်ပြန် မှုမျိုး မရှိသေးသကဲ့သို့ သတင်းမီဒီယာများက မေးမြန်းလိုမှုများကိုလည်း ရှောင်ရှားနေကြသည်။
NCA လက်မှတ် ထိုးရေး၊ မထိုးရေးကိစ္စနှင့် ပတ်သက်ပြီး ယခု မတ်လကုန်တွင် ကျင်းပမည့် UNFC အစည်းအဝေးတွင် အဖြေ ထွက်ပေါ်လာဖွယ်ရှိသည်။ သို့သော်လည်း တပ်ပေါင်းစုအဖွဲ့ဝင်များအနေဖြင့် အစည်းအဝေး ဆွေးနွေး၊ ဆုံးဖြတ်မှုများနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော်ပြောခြင်း ပြု၊ မပြုတော့ မသိရပေ။
လတ်တလော အခြေအနေအရ NCA လက်မှတ်ထိုးရေးမထိုးရေး အဆုံးအဖြတ်နှင့်ပတ်သက်ပြီး UNFC အဖွဲ့အတွင်း အရှုတ် အထွေး ဖြစ်နေသည်မှာ အမှန်ဖြစ်သည်။ ပန်ဆန်း ထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာသည့် “ငြိမ်းချမ်းရေး လမ်းစဉ်အသစ်” အပေါ် စဉ်းစားနေကြသူများ ရှိသကဲ့သို့ အစိုးရထံ ၎င်းတို့ အဆိုတင်ထားသော အချက် ၉ ချက်ကိစ္စမှာလည်း လမ်းပွင့်နေသဖြင့် ထိုလမ်းအတိုင်းဆွေးနွေးသွားလိုသည့် အဖွဲ့များလည်းရှိသည်။
KIO နှင့် SSPP တို့ အနေဖြင့် UWSA လမ်းစဉ်အတိုင်း လိုက်ပါက UNFC တွင် ၅ ဖွဲ့သာ ကျန်ရှိတော့မှာဖြစ်ပြီး ထိုအထဲမှ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကလည်း NMSP နည်းတူ အစိုးရနှင့် NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ် ဖွယ်ရှိနေသည်ဟု သုံးသပ်မှုများ ရှိနေသည်။
ယင်းသို့ ထွက်ပေါ်နေသော အသံများနှင့် ပတ်သက်၍ KNPP ထိပ်ပိုင်းခေါင်းဆောင်တဦးက NCA ထိုးရေး၊ မထိုးရေး ကိစ္စနှင့် ပတ်သက်ပြီး အဖွဲ့အစည်းအတွင်း သုံးသပ်နေဆဲဖြစ်ကြောင်း၊ ယတိပြတ် ဆုံးဖြတ်ချက် သဘောထား မကျသေး ကြောင်း ပြောသည်။
ယင်းသို့ ဆိုလျင် UNFC အတွင်းရှိ အဖွဲ့ငယ်သုံးဖွဲ့ ဖြစ်သော ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့၏ အခြေအနေက မည်သို့ ဖြစ်လာမည် မသိရသေးသော်လည်း အစိုးရကတော့ ထိုသုံးဖွဲ့ကို NCA လက်မှတ်ရေးထိုးစရာမလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲကို တိုက်ရိုက်ပါဝင်ရန် သဘောထား ပေးထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြားတွင်လည်း ခွဲခြားဆက်ဆံမှုများ ရှိနေသည်မှာလည်း ထင်ရှားသည်။ အထူးသဖြင့် ပန်ဆန်းတွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးများတွင် UNFC တပ်ပေါင်းစု အတွင်းက KIO၊ SSPP၊ KNPP နှင့် NMSP တို့ ၄ ဖွဲ့ကိုသာ ဖိတ်ကြားခဲ့ပြီး ANC ၊ LDU နှင့် WNO တို့သုံးဖွဲ့ကို ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။
WNO ခေါင်းဆောင်တဦးကတော့ ၎င်းတို့ အဖွဲ့ငယ် သုံးဖွဲ့အကြား သီးခြားဆွေးနွေးထားမှုများ ပြုလုပ်ခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံး ပါဝင်စေလိုသည့် ဆန္ဒရှိကြောင်း ပြောသည်။
UNFC တပ်ပေါင်းစု ကို ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေးဦးတည်ချက်ပန်းတိုင်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပြီး ၎င်းတို့၏ မဟာဗျူဟာ တော်လှန်ရေးလမ်းစဉ်သည် နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီညီ ကျင့်သုံးသွားရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ထားခြင်းတို့ ဖြစ်သည်။
ရည်ရွယ်ချက်များထဲတွင် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ အဓွန့်ရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရန်၊ တိုင်းရင်းသား လူမျိုးများ အားလုံး ထာဝစဉ်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ပူးပေါင်း နေထိုင်သွားနိုင်ရန်အတွက် လွတ်လပ်မှု၊ တရားမှျှတမှုနှင့် တန်းတူမှုရှိသော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်တို့ဖြစ်သည်။
သို့သော်လည်း UNFC အဖွဲ့အစည်းအတွင်း အင်အားကြီး အဖွဲ့တဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) က KIO ကြီးစိုးထားသော UNFC တပ်ပေါင်းစု အတွင်း ကျင့်သုံးနေသည့် ဖွဲ့စည်းပုံသည် ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေပြီး အဖွဲ့ဝင် အဖွဲ့ အစည်း တခုခု၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက် ဆောင်ရွက်မှုများ ရှိနေသဖြင့် လက်မခံနိုင်ဟု ဆိုကာ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော UNFC ညီလာခံတွင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။
KNU သည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများထဲတွင် သြဇာတိက္ကမ ကြီးမားသည့် အဖွဲ့အစည်း တခုဖြစ်ပြီး UNFC တပ်ပေါင်းစုမှ ၎င်းထွက်ခွာသွားမှုသည် တပ်ပေါင်းစုအတွက် တောင်ပံ တဖက်ကျိုးသကဲ့သို့ ဖြစ်စေသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် KNU က NCA လက်မှတ်ရေးထိုးသွားခဲ့သည်။
KNU နှင့် အတူ NCA လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ထဲတွင် UNFC တပ်ပေါင်းစုဝင်များဖြစ်သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့လည်း ပါသွားခဲ့သည်။ ထိုသို့ ပါသွားသည့် CNF နှင့် PNLO တို့ကို UNFC က တပ်ပေါင်းစုမှ ထုတ်ပယ်ခဲ့ပြန်သည်။
တပ်ပေါင်းစု အတွင်း ၉ ဖွဲ့သာ ကျန်ရှိတော့ပေမယ့်လည်း အကွဲအပြဲက မရပ်သေးဘဲ ဆက်တိုက်ရှိနေသည်။ ၂၀၁၆ မေလတွင် ၎င်းတို့လှုပ်ရှားနေရာဒေသများတွင် တပ်မတော်စစ်ကြောင်းများက စစ်ရေးအရ ဖိအားပေး ထိုးစစ်ဆင်နေမှု အပေါ် လျစ်လျူရှု သည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် – ကိုးကန်အဖွဲ့ (MNDAA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှစ်ဖွဲ့ ထပ်နှုတ်ထွက်သွားပြန်သည်။
ယင်းသို့ အဆင့်ဆင့်ကွဲပြီး အဖွဲ့ဝင် အင်အားနည်းပါးလာသည့် UNFC တပ်ပေါင်းစုတွင် ယခုတကြိမ် ထံမံ ကွဲပါက အဖွဲ့ပျက် သွားတော့မည့် အနေအထားပင်ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ်ထဲတွင် ဘဝတူ ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ အစိုးရနှင့် NCA လက်မှတ်ရေးထိုးသွားချိန်က UNFC တပ်ပေါင်းစုသည် အစိုးရက “အားလုံးပါဝင်ရေး” ကိုလက်မခံသဖြင့် ဟုဆိုကာ အကြောင်းပြချက်ပေးခဲ့သည်။ ယခုလက်ရှိ အနေအထားတွင် ထိုမူ အတိုင်းရှိနေကြသေးသည်ဆိုသော်လည်း အချင်းချင်း ညီညွှတ်မှု မရှိ၍ပင် ထိုတောင်းဆိုချက်သည် ဖြစ်လာရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုဖွဲ့ထားသော တပ်ပေါင်းစုများ အကြား ယင်းသို့ ညီညွှတ်မှု ပြိုကွဲ မှုများသည် ယခုမှပင် မဟုတ်ဘဲ တော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) တို့တုန်းကလည်း ပြိုကွဲမှုများ ရှိခဲ့ဖူးသည်။