လုံခြုံရေး အခြေအနေကြောင့် မဲဆန္ဒရှင် ၄၀၀၀ ခန့်ရှိသည့် ရှမ်းပြည်မြောက်ပိုင်းရှိ ကျေးရွာအုပ်စုပေါင်း ၃ ခုတွင် ကြားဖြတ် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းရန် ဆွေးနွေးမှုများ ရှိနေစဉ် ကြားဖြတ် ရွေးကောက်ပွဲများကို မူလအစီအစဉ် အတိုင်းကျင်းပပေးရန် ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအား တိုက်တွန်း လိုက်သည်။
SSPP ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) သည် ရွေးကောက်ပွဲများကို နှောင့်ယှက်မည် မဟုတ်ဘဲ ၎င်းတို့ ထိန်းချုပ်ဒေသမှ ကိုယ်စားလှယ်လောင်းများ၊ ပါတီများကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းစုက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ရှမ်းပြည်သူတွေ ၂၀၁၀ ကရော၂၀၁၅ မှာပါ မဲပေးခွင့် မရကြဘူး” ဟု သူက ပြောသည်။
“ကျနော်တို့ လူမျိုးစုပြည်သူတွေကို မဲပေးခွင့်ပေးပါလို့ အစိုုးရ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ အာဏာပိုင် တွေကို တိုက်တွန်းပါတယ်။ ကျနော်တို့ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့၊ မှားယွင်းတဲ့ အကြောင်းပြချက်တွေနဲ့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ဖို့ ကြိုးစားသူတွေရဲ့ အသံကို နားမထောင်ဖို့ သူတို့ကို တိုက်တွန်းတယ်” ဟုလည်း သူက ပြောသည်။
SSPP ထိန်းချုပ်ဒေသတွင် လုံခြုံရေး အခြေအနေ မလုံလောက်ဟု မိုင်းရှူးမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် စီစဉ်ထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် ထိုကိစ္စကို ကြာသာပတေးနေ့တွင် ဆွေးနွေးမည် ဖြစ်သည်။
“ကျနော်တို့ မနှောင့်ယှက်ဘူး၊ အခြားပါတီတွေကိုလည်း မခြိမ်းခြောက်ဘူး။ ဘယ်သူ့ကို မဲပေးလို့လည်း ပြည်သူတွေကို မပြောဘူး။ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ ကျနော်တို့ အဖွဲ့ဝင်တွေကို ပြောပြီးသား။ တယောက်ယောက်က နှောင့်ယှက်ရင် ကျနော်တို့ အရေးယူမယ်” ဟု ဗိုလ်မှူးကြီးစိုင်းစုက ပြောသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်လောင်းများသည် လွှတ်တော်နေရာ ၈ ခု လစ်လပ်နေသော ရှမ်းပြည်မြောက်ပိုင်းမှ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ရွေးကောက်ပွဲတွင် မည်သည့်နည်းနှင့်မျှ နှောင့်ယှက်မည် မဟုတ်ကြောင်း SSPP က လွန်ခဲ့သောလကပင် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုကြေညာချက်နှင့် ပြောင်းပြန် ဖြစ်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းရင်းမြစ်များ၏ စကားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မည်သည့်အတွက် နားထောင်နေရသနည်း ဟု ဗိုလ်မှူးစိုင်းစုက မေးခွန်းထုတ်လိုက် သည်။ ။