ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသရှိ ဝမ်ပေါင် ကုမ္ပဏီက ကျောက်ကားများ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန် တားဆီး ဆန္ဒပြသည့် ဒေသခံတောင်သူများကို အင်အား ၁၀၀ ကျော်ခန့်ရှိသော ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်နှိမ်နှင်းခဲ့သဖြင့် ၁၀ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
မုံရွာ – ပုသိမ်ကားလမ်းပေါ်တွင် စည်းကမ်းမဲ့ ဖြတ်သန်းနေသော ဝမ်ပေါင်ကုမ္ပဏီက ကျောက်ကားများကို တားဆီးမှုနှင့် ပါတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဆွေးနွေးခဲ့ရာ ပြေလည်မှုမရဘဲ ဆက်လက်ဆန္ဒပြရာမှ ယနေ့ညနေပိုင်း ၃ နာရီ ခွဲခန့်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တဦးဖြစ်သည့် မဇာခြည်လင်း က ပြောသည်။
မဇာခြည်လင်းက “အုပ်ချုပ်ရေးမှူး ပြန်သွားပြီးတော့ ကားသမားတွေက ခဲတွေနဲ့ စပစ်တာ ပြီးတော့ ရဲတွေကပါ ပစ်တာ အားလုံး ၁၀ ယောက်ကျော်တယ်။ ခေါင်းတွေ၊ နောက်ကျောနဲ့ ပေါင်တွေလက်တွေမှာ ထိကုန်တယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
ဒဏ်ရာရသူများကို ဆရာဝန်ခေါ်၍ ဆေးကုသပေးလျှက်ရှိပြီး စိုးရိမ်ဒဏ်ရာ အဆင့်ရှိသူများကို မုံရွာ ဆေးရုံကြီးသို့ ပို့ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ဆားလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင် ကလည်း “ရင်ဘတ်နဲ့ ပုခုံးတွေကို ရာဘာကျည်ဆန် ထိတယ်ခင်ဗျ”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။
ယနေ့ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပါတ်သက်ပြီး အခြေအနေ မသိရသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ဧရာဝတီ၏ မေးမြန်းမှုကိုဖြေကြားသည်။
ထောင်နှင့်ချီသော ကျောက်ကားများ မောင်းနှင်မှုကြောင့် မုံရွာ – ပုသိမ် ကားလမ်းကို ဒေသခံများ ကောင်းမွန်စွာ သုံးစွဲခွင့် မရ၍ အလုက်အကိုင်ပျက်ခြင်း၊ ထိုကားများကြမ်းတမ်းစွာမောင်နှင်မှုကြောင့် နွားများ တိုက်မိ၍သေဆုံးခြင်းများ ဖြစ်ကြောင်း ထို့ကြောင့် ဝမ်ပေါင်ကုမ္ပဏီမှ ကျောက်ကားများ ယင်းလမ်းကို အသုံးမပြုရန် ဆန္ဒပြတောင်းဆိုကြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါဒေသတွင် ပြီးခဲ့သည့် မတ်လ ၂၂ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် အရေးပေါ်ဥပဒေ ထုတ်ပြန်ပြီး လူ ၅ ဦးထက် ပိုစုပါက အင်အားသုံးဖြိုခွင်းမည် ဖြစ်ကြောင်း အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။