ကိုရီးယားနိုင်ငံတွင် တနှစ်ထက်တနှစ် လုပ်သားခေါ်ယူမှု မြင့်တက်လာသကဲ့သို့ ရရှိမည့် လစာငွေမှာလည်း များပြားသဖြင့် သွားရောက် လုပ်ကိုင်လိုသူ ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက်လာကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။
ကိုရီးယားနိုင်ငံက ၂၀၁၆ ခုနှစ် လုပ်သားခေါ်ယူချိန်တွင် မြန်မာနိုင်ငံမှ လျှောက်ထားသူ တသောင်းခန့် ရှိခဲ့ရာမှ ယခုနှစ်၌ သုံးသောင်းကျော် ရှိလာသဖြင့် နှစ်ဆခန့် မြင့်တက်လာကြောင်း မတ်လ ၂၃ ရက်နေ့က UMFCCI တွင် ပြုလုပ် သည့် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
”လုပ်ခလစာလည်း ကောင်းတယ်။ တနှစ်ထက် တနှစ်လည်း လုပ်သားခေါ်ယူမှုက ကိုရီးယားနိုင်ငံက အရင်ကထက် မြင့်တက်လာတယ်။ အရင်နှစ်ကထက် အခုအလုပ်သွားလုပ်ဖို့ လျှောက်တဲ့သူ နှစ်ဆလောက်များတယ်” ဟု ပြောသည်။
ကိုရီးယားနိုင်ငံက လုပ်သားခေါ်ယူရာတွင် ၂၀၁၇ခုနှစ်အတွက် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ကုန် ထုတ်လုပ်မှု လုပ်ငန်းများ ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး အပိုင်းတပိုင်းတွင် လုပ်သား ၃၀၀၀ မှ ၆၀၀၀ ခန့် ခေါ်ယူ မည့် အခြေအနေရှိပြီး ယခင်နှစ်များက လူဦးရေ ၂၀၀၀ မှ ၃၀၀၀ ဝန်းကျင် အတွင်းသာ လုပ်သားခေါ်ယူခဲ့ရာမှ ၂၀၁၆ ခုနှစ်မှ စတင်ပြီး လုပ်သား ၅၉၀၀ အထိ ခေါ်ယူခဲ့ကြောင်း ယင်းဌာနမှ သိရသည်။
ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် တဦးလျှင် အမေရိကန်ဒေါ်လာ ၇၀၀ ကုန်ကျမည် ဖြစ် သော်လည်း ပြန်လည်ရရှိသည့် လစာမှာ အမေရိကန်ဒေါ်လာ ၁၄၀၀ မှ ၁၅၀၀ ထိရရှိသဖြင့် လျှောက်ထားသူ များပြားကြောင်း၊ မြန်မာအစိုးရအနေဖြင့် ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များ တောင်းဆိုသည့် လုပ်သားလိုအပ်ချက်များအတိုင်း ခေါ်ယူ ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကလေးမြို့မှ အလုပ်လျှောက်လွှာ လာတင်သည့် ကိုဝင်းမင်းအောင်က”ကိုရီးယားက လစာအရမ်းများတယ်။ ကိုယ့်နိုင်ငံမှာ က မရနိုင်ဘူးပေါ့။ နည်းနည်းတော့ အပင်ပန်းခံပြီး လုပ်ရမှာ ဖြစ်တယ်။ ချမ်းသာဖို့ကလည်း များသောအားဖြင့် နိုင်ငံခြား ထွက်ကြတာများတယ်။ ဒါကြောင့်လည်း စာမေးပွဲဖြေဖို့ ဝင်ခွင့်လျှောက်လွှာ လာတင်တာဖြစ်ပါတယ်”ဟု ပြောသည်။
လုပ်သားရွေးချယ်ရာတွင် လုပ်ငန်းကျွမ်းကျင်မှု ရှိ မရှိ၊ အမည်ပျက်စာရင်းတွင် ပါဝင်မှု ရှိ မရှိ စသဖြင့် အခြေအနေ အရပ်ရပ်ကို လေ့လာ ဆန်းစစ်ကာ လိုအပ်ချက်နှင့် ပြည့်မီသူများကို အလုပ်ခန့်အပ်မည်ဖြစ်ပြီး ရွေးချယ်မခံရပါက ကုန်ကျစရိတ်များ ပြန်လည် ပေးအပ် မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ လုပ်သားများသည် အလုပ်ကြိုးစားမှု၌ ကောင်းမွန်သော်လည်း စည်းကမ်းပိုင်း လိုက်နာရန် အနည်းငယ် လိုအပ်နေပြီး အလုပ်ခန့်အပ်ခံရသူများအနေဖြင့် စာချုပ်ပါနှစ်အတိုင်း တရားဝင် နေထိုင် လုပ်ကိုင်ရမည်ဖြစ်ကာ တရားမဝင် နှစ်ပိုနေထိုင်ခြင်းများ မပြုလုပ်ရန် လိုကြောင်း သိရသည်။