ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများမှတဆင့် အာဏာရရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ ၁၉၈၈ လူထုအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး ပြည်ပရောက်ရှိနေသော ထင်ရှားသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အမည်ပျက်စာရင်း (Black List) သွင်းထားပြီး ပြည်ဝင်ခွင့်ပိတ်ဆဲဖြစ်သည်။
ထိုအထဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်း အပါအဝင် ဦးမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်နှင့် ဒေါ်ခင်ဥမ္မာတို့ ထင်ရှားသည်။
ဦးမိုးသီးဇွန် က “မကြာသေးခင်က မြန်မာပြည်ပြန်ဖို့ ကိုနိုင်အောင် က (အမေရိကန် ဝါရှင်တန်) သံရုံးကို သွားလျှောက်တယ်။ ဗီဇာသွားလျှောက်တဲ့ အခါကြတော့ ဆိုင်းငံ့ထားတယ် အကြောင်းမပြန်ဘူး။ အဲတော့ ကျနော်တို့ အနေနဲ့လည်း အစိုးရကို မေးချင်တယ်။ ဘယ်သူ့ကို မေးရမှန်းလည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးမိုးသီးဇွန် အပါအဝင် ပြည်ပရောက် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူများကို ယခင် စစ်အစိုးရလက်ထက်က Black List စာရင်း သွင်း၍ ပြည်ဝင်ခွင့်ကန့်သတ်မှုများ ပြုလုပ်ခံခဲ့ရပြီး သမ္မတဦးသိန်းစိန် လက်ထက်၌ Black List စာရင်းမှ ဖယ်ရှား ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်ဝင်ခွင့်ဗီဇာများ တားဆီး ကန့်သတ်မှု ပြုလုပ်လာကြောင်း ၎င်းက ဆိုသည်။
အရပ်သား အစိုးရ အမည်ခံ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် လူပေါင်း ၆၀၀၀ ကျော် စာရင်းမှ လူ ၂၀၀၀ ကျော်ကို ပယ်ဖျက်ပေးခဲ့ပြီး အထက်ပါ ပုဂ္ဂိုလ်များကို ပြည်ဝင်ခွင့်ပြုခဲ့သည်။ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံသား ၆၀၀ ကျော်ကို Black List မှ ပယ်ဖျက်ပေးခဲ့သော်လည်း ထိုပုဂ္ဂိုလ်များ မပါဝင်ခဲ့ပေ။
မြန်မာအစိုးရသစ် အနေဖြင့် ၎င်းတို့အား မည်သည့် အတွက်ကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ထားသည်ကို စဉ်းစား၍ပင်မရကြောင်း၊ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များပင် ပြည်ဝင်ရောက်ခွင့် ရနေချိန်တွင် ၎င်းတို့အား ပိတ်ပင်ထားခြင်းသည် ပုဂ္ဂိုလ်ရေးအရ မုန်းတီးနေသလားဟုပင် ထင်မြင်မိကြောင်း ဦးမိုးသီးဇွန် ကပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက တာဝန်ခံဖြေကြားပေးမယ့်လူကို မရှိဘူး။ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက တောင်မှ ပြန်ဖြေပေးတာရှိတယ်။ အရေးယူဆောင်ရွက်မှုတွေရှိတယ်။ ကျနော်တို့က မြန်မာပြည်ပြန်ဖို့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့သည် မြန်မာနိုင်ငံသားတွေဖြစ်တယ်။ ခံယူထားတယ်။ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို တတတ်တအား ပါဝင် လုပ်ဆောင်ပေးချင်တဲ့ ဆန္ဒတွေ ကျနော်တို့မှာ ရှိနေကြတယ်” ဟု ဦးမိုးသီးဇွန် ကပြောသည်။
ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံထားရသူများထဲတွင် ၁၉၈၈ အရေးတော်ပုံကာလတွင် ပါဝင်ခဲ့ကြသူများ အပါအဝင် နိုင်ငံရေး ယုံကြည်ချက် ပုံစံအမျိုးမျိုးဖြင့် ၁၉၆၂ ခုနှစ်ကတည်းက ပြည်ပသို့ရောက်ရှိနေသူများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ယုံကြည်၍ ကူးပြောင်း လာသော တပ်မတော်သားများ ပါဝင်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ က Black List ကိစ္စ ၎င်းတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သွင်းခြင်းမဟုတ်သလို မှတ်ချက်ပေးရန်လည်း ခက်ကြောင်း၊ မည်သည့်ဝန်ကြီးဌာနက သွင်းထားသည်ကိုလည်း မသိကြောင်း ပြောသည်။
ဦးကျော်ဇေယျ က “သံရုံးတွေမှာ လျှောက်လို့မရဘူးဆိုတာကတော့ List ကို ကြည့်လိုက်လို့ List ထဲမှာ (အမည်ပျက်စာရင်း) ရှိနေရင်လုပ်ထုံး လုပ်နည်းအရ ထုတ်ပေးလို့ မရတဲ့သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ပတွင် ရှိနေသော နိုင်ငံရေးလှုပ်ရှားသူများကို ပြည်ဝင်ခွင့်ပိတ်ပင်ထားမှုသည် လုံးဝ မဖြစ်သင့်သော ကိစ္စရပ်တခုဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်လျှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမူး ကိုဘိုကြည် က ပြောသည်။
ထို့အတူ ၎င်းအပါအဝင် ပြည်ဝင်ခွင့်ရရှိထားသောသူများ ဖြစ်သည့် ဒေါက်တာသောင်းထွန်း၊ ဦးအောင်မျိုးမင်းနှင့် ဦးသန်းဝင်းထွဋ် အစရှိသည့် ပုဂ္ဂိုလ်များလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) ပြန်လျှောက်ရာတွင် အခက်အခဲများရှိနေကြောင်း ကိုဘိုကြည်က ပြောသည်။
၎င်းကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံသား အဖြစ်မှ ပျက်ပျယ်သွားပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန (လဝက) က အကြောင်းပြန်ကြားခဲ့ကြောင်း သို့သော်လည်း အဆိုပါ ၁၉၈၂ နိုင်ငံသား ဥပဒေ ထဲတွင်ပင် ပါရှိသော ဥပဒေအရ နိုင်ငံတော် သမ္မတ နှင့် အစိုးရတွင် လုပ်ပိုင်ခွင့်ရှိကြောင်း ထိုအချက်မှာ နိုင်ငံတော်၏ အကျိုးငှာ မည်သူ့ကို မဆို နိုင်ငံသား သို့မဟုတ် နိုင်ငံသား အဆင့်အတန်းနှင့် ညီမျှသော အဆင့်အတန်း တခုပေးလို့ရသည်ဟု ဆိုသည်။
ကိုဘိုကြည်က “ကျနော်တို့ရဲ့ ကိစ္စကိုက လဝက ကကိုင်တွယ်တာမျိုး မဟုတ်တော့ဘဲနဲ့ သမ္မတ သို့မဟုတ် အစိုးရ ကနေ ကိုင်တွယ်ရမယ့် ပုံစံမျိုးတော့ ဖြစ်ပါတယ်။ သူတို့ပေးမယ်ဆိုရင်တော့ ဒီနေ့ပေးရင် ဒီနေ့ရမယ့်သဘောမျိုးပေါ့ဗျာ။ သူတို့ မပေးသေးဘူး ဆိုလဲ မရသေးဘူးပေါ့။ အဲလိုပုံစံမျိုးဖြစ်တာပေါ့” ဟု ဧရာဝတီသို့ပြောသည်။
နိုင်ငံသားဟောင်းများအတွက် စိစစ်ရေးကော်မတီတွင် ဒေါ်အောင်ဆန်းဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေပြီး ထိုအထဲတွင် ပြည်ထဲရေး၊ လဝက တို့လည်းပါဝင်ကြောင်း ထိုကော်မတီမှ မြန်မြန်ဆန်ဆန် ကိုင်တွယ် ဆောင်ရွက်မည် ဆိုပါက အမြန်ဆုံး အကောင်အထည်ပေါ်လာနိုင်ပြီး Black List ကိစ္စကိုတော့ အစိုးရနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ ဆွေးနွေးရန် လိုအပ်ကြောင်း ကိုဘိုကြည် ကပြောသည်။