လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကျောက်ထုတ်လုပ်ငန်းများကို ညွှန်ကြားချက် မရမခြင်း ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် ပိတ်သိမ်းခိုင်းထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
“နှုတ်နဲ့ပြောလိုက်တာ ကျောက်သယ်တဲ့ကားတွေ အကုန်ပိတ်လိုက်ပါလို့၊ အကုန်လုံးကိုတော့ အကြောင်းကြားထားပြီသား အကုန်ပိတ်ရမယ်၊ ဘယ်သူမှမထုတ်ရသေးဘူး၊ ထုတ်ဆိုတဲ့အချိန် ခွင့်ပြု ချက်ရမှ ထုတ်ရမယ်၊ ကျောက်ထုတ်တာတွေ ဘယ်ကားမှ ကျောက်မသယ်ရဘူး။ ကျောက်မထုတ် ရဘူး ကျနော်ပြောထားတယ်”ဟု ၎င်းက ပြောသည်။
မနေ့ မတ်လ ၂၅ ရက်က စတင်ကာ ကျောက်ထုတ်လုပ်ငန်းများမှ ကျောက်သယ်ကားများ စည်းကမ်းမဲ့ ဖြတ်သန်းမှု ရပ်ဆိုင်းရန် ဒေသခံများက သပိတ်စခန်းဖွင့်တောင်းဆိုနေကြောင်း မိုးကြိုးပြင် ကျေးရွာမှ မဇာခြည်လင်းက ပြောသည်။
“ပိတ်လိုက်ပြီလို့ စာထွက်ပေမယ့်၊ ပိတ်ပါတယ်လို့ အကြောင်းကြားစာတော့ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
ဒေသခံများနှင့် ပဋိပက္ခဖြစ်နေ၍ ယာယီပိတ်သိမ်းခြင်းမျိုး မဟုတ်ဘဲ ရေရှည်ပိတ်သိမ်းသွားရန် လိုအပ် ကြောင်း ၎င်းကဆိုသည်။
ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာသိန်းနိုင်ကလည်း ဒေသခံများနှင့် ညှိနှိုင်း၍ သဘောတူညီမှသာ ကျောက်ထုတ်လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်မည့် အခြေအနေဖြစ် ကြောင်းပြောသည်။
“အရင်ကတော့ ခဏ ခဏ ပိတ်တာတွေ လုပ်ခဲ့ပေမယ့်၊ ပြန်ပြန်ဖွင့်တော့ ပဋိပက္ခတွေ ပြန်ပြန်ဖြစ်တာ ပေါ့။ ဒီတစ်ခါတော့ ဒေသခံတွေနဲ့ အကျေအလည်ညှိ၊ ဒေသခံတွေ သဘောတူမှ လုပ်ခွင့်ပေးမယ့် သဘောတော့ ရှိမယ်။ ဘယ်ရက်ထိ ပိတ်ပါတယ်လို့တော့ တိတိကျကျ မဖော်ပြထားဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါကျောက်ထုတ်လုပ်ငန်းများမှ ကျောက်သယ်ယာဉ်များ နေ့စဉ်အကြိမ်ရေ ထောင်နဲ့ချီ ဖြတ်သန်း သွားလာနေမှုကြောင့် ဒေသခံများ၏ လူမှုဘဝများ ထိခိုက်ရသဖြင့် ယခုရက်ပိုင်းအတွင်း ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် လူ ၅ ဦးထက်ပို မစုဝေးရန် ညွှန်ကြား ချက်ထုတ်ပြန်ခဲ့သော်လည်း ဒေသခံရွာသားများက အမိန့်ကို ဆန့်ကျင်ကာ ကျောက်ကားများကို လမ်းပိတ်ဆို့၍ တားမြစ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်ဆန်များနှင့် ပစ်ခတ်ရာ ဒဏ်ရာရရှိမှု များရှိခဲ့သည်။
ထို့နောက် ဒေသခံများက မတ်လ ၂၅ ရက်နေ့က စတင်ပြီး သပိတ်စခန်းဖွင့်လှစ်ဆန္ဒပြခဲ့ခြင်းဖြစ် သည်။