ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့အပိုင် ဘူးကွဲကြီးကျေးရွာမှ ဒေသခံတောင်ယာသမား တစ်ဦးမှာ တောင်ယာသို့ သွားရောက်စဉ် တောဆင်ရိုင်းနှင့် ရင်ဆိုင်တိုးမိပြီး ဆင်နင်းခံရသဖြင့် ယမန်နေ့ ညပိုင်းက သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဦးသောင်းလှဆိုသူဖြစ်ပြီး အသက် ၆၈နှစ်ရှိပြီဖြစ်ကြောင်း ငွေဆောင်မြို့နယ် ရဲစခန်းမှ သိရသည်။
“သူက တောင်ယာထဲက အိမ်မှာနေတယ်။ ဘူးကွဲ ရွာမှာ မနက်ပိုင်းလာလည်ပြီးတော့ ညနေစောင်းတော့မှ တောထဲက တောင်ယာစိုက်ခင်းထဲက အိမ်ကို ပြန်ချိန် မှာ ဆင်နဲ့တိုးပြီး အသတ်ခံလိုက်ရတာပါ”ဟု ငွေဆောင်မြို့ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
ဒေသခံ ဦးသောင်းလှမှာ တောဆင်ရိုင်းသတ်ဖြတ်မှုကြောင့် ည ၇ နာရီခန့်က သေဆုံးခဲ့သော်လည်း ဆင်အန္တရာယ်ပြုမှာ စိုးရိမ်သည့်အတွက် ဘူးကွဲဒေသခံများမှာ ညတွင်းချင်း အလောင်းသွားမကောက်ရဲကြပဲ မိုးလင်းချိန်ကျမှသာ အလောင်းကောက်၍ ငွေဆောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရဲတပ်ဖွဲ့က သေမှုသေခင်း ၄/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ငွေဆောင်ဒေသ၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်၍ တောဆင်ရိုင်းများ ဝင်ရောက်သောင်းကျန်းနေခြင်း ဖြစ်ပြီး တောဆင်တို့၏သတ်ဖြတ်မှုကြောင့် ၄ လအတွင်း လူ ၄ ဦးသေဆုံးခဲ့ရကြောင်း ငွေဆောင်ဒေသခံများက ပြောသည်။
“ငွေဆောင်ဒေသမှာ ဆင်သတ်လို့သေတာ ၄ ဦး ရှိသွားပြီ။ တောဆင်တွေက ရွာနားကပ်တဲ့အဆင့် မဟုတ်တော့ဘဲ ရွာထဲကခြံတွေထဲကိုဝင်၊ ငှက်ပျောပင်တွေ ဝင်စား၊ ခြံစည်းရိုးတွေ ဖျက်ပစ်တာတွေ လုပ်လာတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ငွေဆောင်က Max ဟိုတယ် ဆောက်မယ့် မြေနေရာထဲမှာ နေ့ခင်းပိုင်းကြီး တောဆင်ဝင်ခိုနေပြီး မထွက်တော့ဘူး။ အဲတော့ ဒေသခံတွေမှာ ဆင်အန္တရာယ်ကို အမြဲစိုးရိမ်နေရတဲ့အနေအထား ဖြစ်နေတယ်”ဟု ငွေဆောင်ဒေသခံ ဦးဆန်းရွှေက ပြောသည်။
တောဆင်ရိုင်းအန္တရာယ်အား ရေတို၊ ရေရှည်နည်းလမ်းများဖြင့် တာဝန်ယူဖြေရှင်းပေးရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ တင်ပြသော်လည်း အစိုးရအနေဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ဆင်မောင်းပေးမှု တကြိမ်သာ လုပ်ဆောင်ပေးခဲ့ပြီး နောက်ပိုင်းတွင် မည်သည့်ကူညီမှုမှ လုပ်ဆောင်ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
“ဒေသခံတွေအကူအညီတောင်းလို့ သစ်တောက တကြိမ်တော့ ဆင်လာမောင်းပေးတယ်။ ဒါပေမယ့် မရပါဘူး။ နည်းနည်းကြာတာနဲ့ တောဆင်ရိုင်းအုပ်က ပြန်ရောက်လာတာပဲ။ အခုဆို ဆင်ရိုင်းတွေက ဒီဘက်ရွာက မောင်းရင် ဟိုဘက်ရွာရောက်၊ ဟိုဘက်ကမောင်းရင် ဒီဘက်ရောက်။ အဲ့လို ဖြစ်နေတော့ ကျနော်တို့ ဒေသခံတွေမှာ ဘယ်အချိန်ဆင်ရိုင်းလာမလဲဆိုပြီး အမြဲစိုးရိမ်နေရတယ်။ အစိုးရအနေနဲ့ ရေတို၊ ရေရှည် နည်းလမ်းတွေနဲ့ ဆင်အန္တရာယ်ကို ကာကွယ်ပေးပါလို့ ပြောချင်ပါတယ်”ဟု ငွေဆောင်ဒေသခံ ကိုဝင်းဆွေက ပြောသည်။
တောဆင်ရိုင်းများမှာ မိုးရာသီတွင် အနောက်ရိုးမအတွင်း၌ နေထိုင်ကြပြီး ပွင့်လင်းရာသီ စပါးပေါ်ချိန် ရောက်သည်နှင့် ပုသိမ်၊ ငပုတောနှင့် သာပေါင်းဒေသများသို့ လာရောက်၍ စပါးနှင့် သီးနှံစိုက်ခင်းများကို ဝင်ရောက် စားသောက်လေ့ရှိပြီး ဒေသခံများကိုလည်း အန္တရာယ်ပြုလေ့ရှိသည်။
ဆက်စပ်ဖတ်ရှုရန် –
အရေခွံ ဆုတ်ခံနေရသည့် တောဆင်များ (၁)
အရေခွံ ဆုတ်ခံနေရသည့် တောဆင်များ (၂)