မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း ကမ္ဘာသို့ အသိပေးထားလည်း ဘင်္ဂလီတချို့ကြောင့် ဖြစ်ပေါ်လာသည့် ဒုက္ခသည်များကို အ ကြောင်းပြုပြီး နိုင်ငံရေး စွက်ဖက်မှုများသည့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သည့်အတွက် တပ်မတော်၏ စိတ်ဓာတ် ကို အခြေခံ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ကျရောက် သည့် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြောင်း ပြုပြီး ဆောင်ရွက်လာမှုများဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တာ ဖြစ်တဲ့အတွက် တပ်မတော်ရဲ့ စိတ်ဓါတ်ကို အခြေခံပြီး ကာကွယ်သွားဖို့လည်း တာဝန်ရှိတယ်”ဟု ဆိုသည်။
ဥရောပ သမဂ္ဂမှ တင်သွင်းသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့တခု စေလွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လ ၂၄ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက သဘောမတူ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများသည် မြန်မာတိုင်းရင်းသားများ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်သူများသာ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအချို့၏ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဒုက္ခသည်များကို အကြောင်းပြပြီး နိုင်ငံရေးစွက်ဖက်မှုများကို တွေ့မြင်ရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။
ထို့အပြင် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုုင်းဒေသ၊ ကချင်မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မုံးကိုးဒေသ၊ လောက် ကိုင်ဒေသ ကိစ္စရပ်များသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးလာသည့်အတွက် တပ်မတော်က ကာကွယ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းပါရှိသည်။
“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လမ်းနိုင်ရန် ထိန်းသိမ်းဆောင်ရွက်ရေးတို့ကို တပ်မတော်ရဲ့ ရပ်တည်ချက်အဖြစ် မြဲမြံစွာ ခံယူလုပ်ဆောင် လျက်ရှိတယ်”ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
ပါတီစုံ ဒီမိုကရေစီခေတ်တွင် ရွေးချယ်ခံ အစိုးရများသည် ၎င်းတို့ ကိုယ်စားပြုသည့် ပါတီ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ်ဆောင် မှုများနှင့် စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ကြကြောင်း၊ အောင်မြင်ခြင်းများ ရှိသလို လိုအပ်ချက်များလည်း ရှိနိုင်၍ တပ်မတော်က တိုင်းပြည် တိုးတက်ရန် ဝိုင်းဝန် ကူညီသွားမည်ဟု ၎င်းက ဆိုသည်။
ယနေ့ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ တပ်မတော် ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အငြိမ်းစား စစ်မှုထမ်းများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။