ချင်းပြည်နယ်၊ မင်းတပ်ခရိုင် မတူပီမြို့အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် အိမ်ထောင်စု ၁၀၀၀ အား ကျေးလက်ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်း ၂၇၀၀ အသုံးပြု၍ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား ၁၀၀၀ ချပ်ကို ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သတင်းရရှိသည်။
“လာမယ့် ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ မတူပီမြို့နယ်မှာရှိတဲ့ အိမ်ထောင်စု ၁၀၀၀ အတွက် ဆိုလာ ပြား ၁၀၀၀ ကို ဖြန့်ဝေပေးသွားဖို့ လျာထားပါတယ်။ ဆိုလာပြားတွေကို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရွာ ၁၅ ရွာကို ချထားပေးဖို့ စီစဉ်ထားပါတယ်”ဟု မတူပီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှိုင်ဦးက ဧရာဝတီကို ပြောသည်။
ဆိုလာပြားတချပ်လျှင် ကျပ် ၃ သိန်းတန်ကြေးရှိပြီး ဆိုလာပြားအချပ် ၁၀၀၀ အတွက် ကျပ်သိန်း ၂၇၀၀ ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးရံပုံငွေထဲမှ အသုံးပြုသွားမည်ဖြစ်ပြီး ဆိုလာပြားရယူမည့် မိသားစုများ အနေဖြင့် ဆိုလာပြားတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၃ သောင်းသာ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ဆိုလာပြားတချပ်ကို ၃ သိန်းတန်တယ်။ နိုင်ငံတော်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ရံပုံငွေထဲကနေ ၂ သိန်း ၇ သောင်း စိုက်ပေးမယ်။ ပြည်သူလူထုက ၃ သောင်း ထည့်ဝင်ရမယ်။ အဲဒီ ၃ သောင်းကိုလည်း တပါတည်း ကောက်မှာမဟုတ်ဘဲ ၁ သောင်းကျပ်စီနဲ့ ၃ ရစ်ခွဲထည့်ဝင်စေမှာပါ။ ဒုတိယအရစ် ငွေသွင်းပြီးတာနဲ့ ဆိုလာပြား လာတပ်ပေးမယ်။ နေအိမ်မီးလင်းမှ နောက်ဆုံး ၁ သောင်းကျပ် ပေးရမှာဖြစ်ပါတယ်”ဟု မတူပီမြို့နယ် ဦးစီးမှူး ဦးလှိုင်ဦးက ပြောသည်။
ကျေးလက်ဖွံ့ဖြိုးရေးဌာနအနေဖြင့် လက်ရှိ ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်အတွင်း မင်းတပ်ခရိုင်အတွင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့များရှိ မီးမရသည့်အိမ်ထောင်စုများအား ဆိုလာပြားများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“မီးမရတဲ့ကျေးရွာတွေ ပေးမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ အရင်တုန်းကတော့ ၇ သောင်း ၈ သောင်းတန် ဆိုလာပြားတွေ ပေးတုန်းက သုံးလို့သိပ်အဆင်မပြေဘူး။ အခု ၃ သိန်းတန်ပေးမယ်ဆိုတော့ ဒီအနေအထား လောက်မှ ဆိုလာကလည်း သုံးလို့ကောင်းတာလေ။ အခုလိုမျိုး နှစ်စဉ်ပေးသွားနိုင်မယ်ဆိုရင် လျှပ်စစ်မီးမရတဲ့ ကျေးရွာတွေအများကြီးရှိနေတဲ့ ကျနော်တို့ မတူပီ ဒေသအတွက် အရမ်းကောင်းမှာပါ”ဟု မတူပီမြို့မိမြို့ဖ ဦးလှပိုက ပြောသည်။
မတူပီမြို့အနီး၌ ဘုံတလာရေအားလျှပ်စစ်နှင့် နန့်မလောင်ချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ခု ရှိပြီး ဘုံတလာရေအားလျှပ်စစ်မှ ထွက်ရှိသည့်ဓာတ်အားများကို မတူပီအခြေစိုက် တပ်ရင်းများက အသုံးပြုကာ နန့်မလောင်ချောင်းရေအားလျှပ်စစ်တစ်ခုတည်းဖြင့်သာ မတူပီမြို့ကို မီးပေးနေကြောင်း သိရသည်။
မတူပီမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၂ စု၊ ကျေးရွာပေါင်း ၁၅၀ ရှိပြီး မြို့နယ်ထဲတွင် ပါဝင်သည့် ရေဇွာမြို့တွင် လူဦးရေ ၂၄၈၈ ဦး၊ လိုင်လင်းပီမြို့ တွင် လူဦးရေ ၂၃၉၉ ဦး ရှိကြောင်း သိရသည်။ တမြို့နယ်လုံး၌ အိမ်ထောင်စု ၈၇၆၀ စု ရှိပြီး လူဦးရေ ၅၆၀၄၁ ဦးရှိကြောင်း မတူပီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစာရင်းများအရ သိရသည်။