သတင်း

ဦးသန်းရွှေနှင့် စစ်အရာရှိဟောင်းတချို့ တွေ့ဆုံ ဓာတ်ပုံများမှာ ပုံဟောင်းများသာဖြစ်

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် “အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပ်မတော်အရာရှိဟောင်းတချို့” တပ်မ တော်နေ့တွင် တွေ့ဆုံနေကြသည်ဆိုသည့် ဓာတ်ပုံများမှာ ယခုနှစ်တွင် ရိုက်ကူးထားသည့် ပုံများမဟုတ်ဘဲ ယမန်နှစ်က ပုံများသာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံများတွင် ပါဝင်သည့် မျက်မှန်တပ်ထားပြီး ဆံပင်အဖြူနှင့် ပုဂ္ဂိုလ်မှာ သူရဲကောင်းမှတ်တမ်းဝင် အငြိမ်းစား ဗိုလ်ချုပ် အောင်ခင် (ကိုယ်ပိုင်နံပါတ် BC/5934) ဖြစ်ပြီး၊ ၎င်းမှာ ကျန်းမာရေးအခြေအနေကြောင့် ယခုနှစ် တပ်မတော် နေ့အခမ်းအနားကိုပင် တက်ရောက်နိုင်ခြင်း မရှိကြောင်း၊ ထိုသို့တက်ရောက်နိုင်ခြင်း မရှိသဖြင့် သားဖြစ်သူမှ ပြီးခဲ့သည့် နှစ်က ပုံအဟောင်းများကို လူမှုကွန်ရက် ဖြစ်သည့် ဖေ့စ်ဘုတ်တွင် တင်ခဲ့ရာမှယခု ကဲ့သို့ ပျံနှံ့ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ခင်၏ သားဖြစ်သူ မြန်မာနိုင်ငံ ဆန်စက် အသင်း (ဗဟို) တွဲဖက်အတွင်းရေးမှူး ၁ ဦးအောင်ကျော်စိုးက “တပ်မတော်နေ့သွားချင်တဲ့အဖေ ကျန်းမာရေးမကောင်းလို့ မသွားနိုင်တာကြောင့် စိတ်မကောင်းဖြစ်ပြီး တင်လိုက်တာပါ။ မိတ်ဆွေတွေက comment ကနေ ဆုတောင်းပေးတာတွေကို ပြန်ဖတ်ပြရင်း အဖေပျော်ပြီး စိတ်ချမ်းသာအောင် လို့ပါ” ဟု ပြောသည်။

ဦးအောင်ကျော်စိုးက ဤဓာတ်ပုံများကို မနှစ်က သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များ ရှေးဟောင်းနှောင်းဖြစ် ပြောဆိုကြရန် ယခုကဲ့သို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ယခု ပျံ့နှံ့နေသည့် ဓာတ်ပုံများတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် ဗိုလ်သင်တန်း အပတ်စဉ်အတူတက်ခဲ့သူများ၊ နီးစပ်သူများနှင့် တပ်မတော် လေ၊ ရေမှ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်များ ပါဝင်ပြီး၊ ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းခေါင်းဆောင် တဦးဖြစ်သည့် ဦးအောင်ပိုင်မင်း၏ လူမှုကွန်ရက်မှစာမျက်နှာမှ တဆင့် မီဒီယာများသို့ ပျံနှံခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမှ အတည်ပြုမေးမြန်းချက်များအရ အငြိမ်းစား ဗိုလ်ချုပ် အောင်ခင်က ယခုနှစ်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိသော်လည်း အခြားနီးစပ်သူများက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ကြကြောင်း၊ တွေ့ဆုံပွဲကို တပ်မတော်နေ့တွင် နှစ်စဉ် ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Loading