နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့၏ အမိန့်ကိုမလိုက်နာဘဲ တရားပွဲများ ဆက်လက်ကျင်းပနေမည် ဆိုပါက ဆရာတော် ဦးဝီရသူကို ထောင်ချနိုင်ကြောင်း သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဦးဘန္ဒန္တကုမာရာဘိဝံသ က မိန့်ကြားခဲ့သည်။
“သူဆက်ဟောရင်တော့ ဆက်ဟောတဲ့အတွက် အမိန့်ကို မနာခံတဲ့အတွက် ဥပဒေရှိတယ်။ အမိန့်ကို နားမထောင်ဘူး၊ ဆက်ပြီးတော့ ဘုရားဟော မဟုတ်တာတွေကို ဘုရားဟောလုပ်ကြံပြီး သူ့ဘာသာသူ ဟောနေတာ။ အဲဒီလို ဟော နေ တဲ့အတွက် ထောင်ချနိုင်ပါတယ်။ ထောင်ထဲကိုသွင်းပြီးတော့ ထားနိုင်ပါတယ်”ဟု ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုကို ဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာ ဘိဝံသ က မိန့်ကြားခဲ့သည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင်ဆရာတော် ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေနိုင်သည့် အမုန်းစကားများ ဟောပြောသည့် အတွက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က မတ်လ ၁၀ ရက်နေ့တွင် ၄၇ ပါး စုံညီ အထူးအစည်းအဝေး ခေါ်ယူပြီး ဦးဝီရသူအား မြန်မာနိုင်ငံ အတွင်း တရားဟောခွင့် ၁ နှစ် ပိတ်ပင်ကြောင်း၊ မလိုက်နာပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ တားမြစ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့တွင် ဆရာတော် ဦးဝီရသူက အိမ်မဲမြို့နယ် သီးကွင်း ကျေးရွာတွင် ဝစီပိတ်တရားပွဲ ခေါင်းစဉ်ဖြင့် တရားဟောပလ္လင်ပေါ်၌ ပါးစပ်ကိုတိပ်များနှင့် ကပ်ကာ ထိုင်နေခဲ့ပြီး ၎င်းယခင်က ဟောကြားခဲ့သည့် တရားခွေကို ပြန်လည် ဖွင့်ပြသည့်နည်းဖြင့် ဝစီပိတ်တရားပွဲ ကျင်းပခဲ့သည်။ ဆက်လက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်များတွင်လည်း ဝစီပိတ် တရားပွဲများ ဆက်လက်ကျင်းပခဲ့သည်။
တရားဟောခွင့် ပိတ်ပင်ထားသည်ကို ဆက်လက် ဟောပြောနေခြင်းက အာဏာဖီဆန်ခြင်းဖြစ်ကြောင်း ဗန်းမော် ဆရာတော်ကြီးကမိန့်ကြားသည်။
“တရားမဟောရဘူးဆိုတာကို ဟောနေတယ်ဆိုရင် အာဏာဖီဆန်ရာကျတယ်။ အဲဒီအတွက် အပြစ် ခံစားရပါလိမ့်မယ်။ ဥပဒေရှိပါတယ်။ ဘုရားအမိန့်ကို နားထောင်ရမယ်။ နားမထောင်ဘူးဆိုရင် ဖမ်းပြီးတော့ ထောင်ချနိုင်ပါတယ်” ဟု ဆရာတော် ဦးကုမာရက မိန့်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ပုသိမ်မြို့တွင် ဆရာတော် ဦးဝီရသူ တရားဟောရန် စီစဉ်ခဲ့ရာမှ ဘာသာရေး၊ လူမျိုးရေး အခြေခံသည့် ပဋိပက္ခများ ဖြစ်ပွားမည်ကို စိုးသည့်အတွက် ဧရာဝတီတိုင်းအစိုးရက ပွဲမိန့် မပေးသောကြောင့် တရားပွဲ ဖျက်သိမ်းခဲ့ရသည်။ ထို့နောက် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် နိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်၏ ဇာတိရွာဖြစ်သည့် ငပုတောမြို့နယ် ကျုံကူးကျေးရွာတွင် “၉၆၉ နှင့် ဒို့တာဝန်အရေးသုံးပါး” ခေါင်းစဉ်ဖြင့် အစိုးရ၏ ခွင့်ပြုချက် မယူဘဲ တရား ဟောပြောခဲ့သည်။
ယင်းသို့ ဟောပြောသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဦးဝီရသူအား တိုင်းအတွင်း တရားဟောပြောခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ တားမြစ်မိန့် ထုတ်ပြန်ပြီးနောက် မတ်လ ၈ ရက်နေ့တွင် မအူပင်မြို့နယ် တာလဘောကျေးရွာ၌ ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူများ တားမြစ်သည့်ကြားမှ ဆရာတော် ဦးဝီရသူက တရားပွဲပြုလုပ်ပြီး ဟောပြောခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ အမိန့်ကို မလိုက်နာဘဲ ဘာသာရေး၊ လူမျိုးရေး အမုန်းပွား စေသည့် တရားများ ဟောပြောခဲ့ပြီးနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၄၇ ပါး စုံညီ အထူး အစည်းအဝေး ခေါ်ယူပြီး ဦးဝီရသူကို တရားဟောခွင့် ၁ နှစ် ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။