စစ်ကိုင်းတိုင်း ဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေရှိ ဒေသခံတောင်သူများကို အပြင်းအထန် နာကျင်စေမှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် တရားစွဲမည်ဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ငွေသာခန်းမ၌ မတ်၂၇ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ဒေသခံ ဒေါ်သန်းမြ၊ ဦးဝင်းကျော် အပါအဝင် ၅၀ ဦးကို ပုဒ်မ ၃၃၃ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ ၆၁ (ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု) ၊ ပုဒ်မ ၁၄၃ (တရားမဝင် လူစုဝေးမှု)၊ ပုဒ်မ ၁၉ တို့ဖြင့် တရားစွဲဆိုသွားမည့် အပေါ် ဧရာဝတီသတင်းဌာနက ရဲတပ်ဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
ဝမ်ပေါင်ကုမ္ပဏီမှ ကျောက်သယ်ကားများကို တားဆီးခဲ့သဖြင့် တရားစွဲမည်ဟု ဒေသအာဏာပိုင်များက ပြောဆိုထားသော်လည်း ယနေ့အထိ တရားဝင် အကြောင်းကြားစာ မရသေးကြောင်း၊ ရာဘာကျည်ဆံသေနတ်ဖြင့် ပစ်ခတ်သည့် ရဲတပ်ဖွဲ့ကို ပြန်လည် တရားစွဲဆိုမည့်အပြင် ဒေသခံများအပေါ် တရားစွဲဆိုမှုများကိုလည်း ရွာလုံးကျွတ် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း မိုးကြိုးပြင်ရွာသူ မဇာခြည်လင်းက ပြောသည်။
“ရဲတွေက စပြီးတော့ ပစ်တယ်။ လက်နက်မဲ့ ဒေသခံပြည်သူတွေကို ဒီလိုမျိုးသာ ဆန္ဒပြတိုင်း ပစ်နေမယ် ဆိုရင် နောက်ပိုင်းလည်း ဒီအတိုင်း ပစ်နေဦးမှာပဲ ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးရှိအောင် ညီမတို့အနေနဲ့ ဆက်ပြီးတော့ ဆောက်ရွက်သွားမယ်။ ပစ်တဲ့ရဲတွေကိုလည်း တရားစွဲဆိုဖို့တွေ လုပ်သွားမယ်ရှင့်။ အဆင့်ဆင့်ပေါ့။ တရားစွဲဆိုဖို့ကိုလည်း ပြင်ဆင်နေပါတယ်။” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “ဒါက တရားဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်။ နိုင်ထက်စီးနင်း လုပ်တာဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ ညီမတို့ဘက်မှာ လုံးဝမရှိဘူးဆိုတာပြ လိုက်တာပဲ။” ဟု ပြောသည်။
တရားရုံးက ဆင့်ခေါ်ပါက ဆင့်ခေါ်ခံရသူ အယောက် ၅၀ သာမက ဒေသခံရွာများမှ တောင်သူအားလုံး ရွာလုံးကျွတ် သွားရောက်ပြီး တရားရင်ဆိုင်ရန် အဆင်သင့်ရှိနေကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်ကလည်း ဒေသခံများ၏ တရားစွဲဆိုမှု များနှင့် ပတ်သက်ပြီး ဥပဒေ နည်းလမ်းနှင့် အညီ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
“ပြည်သူက လုပ်ချင်တယ်ဆိုရင် တရားဥပဒေဘောင်ထဲကနေ ကျနော်တို့က ကူညီရမှာပဲလေ။ ရဲကပဲ တရားစွဲစွဲ၊ ပြည်သူကပဲ တရားစွဲစွဲ ပဋိပက္ခ ဖြစ်စဉ်ကြားမှာ မှန်တဲ့ ဒဏ်ရာ ဟုတ်၊ မဟုတ်ဆိုတာ တရားဥပဒေကပဲ ဆုံးဖြတ်သွားမှာ။ ရဲတပ်ဖွဲ့က တရားစွဲရင်လည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် အသိပေးဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။
ပုသိမ်- မုံရွာလမ်းတွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို တားဆီးခြင်း၊ ခွင့်ပြုချက်မရှိဘဲ လူစုဝေးခြင်းတို့ မပြုလုပ်ရန် မတ်၂၂ ရက် နေ့စွဲဖြင့် ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက သတင်း ထုတ်ပြန်ခဲ့ပြီးနောက် မတ် ၂၄ ရက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် မိုးကြိုးပြင် အလယ်ရွာထိပ်၌ ကျောက်သယ်ကားများကို ဆက်လက်တားဆီးသဖြင့် ဒေသခံများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း သိရသည်။