နိုင်ငံတော် အတိုင်ပင်ခံက ကချင် တိုင်းရင်းသားများ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးခြင်းကြောင့် “မရှုံးစေရဘူး”ဟု ကချင်လူထု ခေါင်းဆောင်များနှင့် ယမန်နေ့က မြစ်ကြီးနားမြို့ရှိ Palm Spring Hotel ၌ တွေ့ဆုံရာတွင် ပြောဆိုသွားသည်ဟု သတင်း ရရှိသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ငြိမ်းချမ်းရေး စကားများ ပြောဆို ဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် ကချင်လူထု ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့အနီး မိုင်းနား စစ်ဘေးရှောင် စခန်းတွင် စစ်ဘေးဒုက္ခသည်များ နှင့် တွေ့ဆုံသည်ဟု သိရသည်။
နံနက်ပိုင်း တွေ့ဆုံပွဲတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရန် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အနေဖြင့် NCA ထိုးကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုပင်လုံကို တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်က ထပ်ခါ ထပ်ခါ တိုက်တွန်းသွားပြီး ထိုလမ်းကြောင်းကသာ ငြိမ်းချမ်းရေးရရှိရန် အသင့်တော်ဆုံး ဖြစ်သည်ဟုလည်း ပြောဆို သွားကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ကချင်လူထု ခေါင်းဆောင် တဦးဖြစ်သည့် ဦးတန်ဂွန်း က ဧရာဝတီကို ပြောသည်။
“မရှုံးစေရဘူးဆိုပြီး သူက ပြောသွားပါတယ်။ နစ်နာမှုတွေ ဖြစ်လာရင်တောင်မှ သူကိုယ်တိုင် ပြန်ဖြေရှင်း ပေးမယ်လို့ ရှိပါတယ်” ဟု ဦးတန်ဂွန်းက ဆိုသည်။
ကချင်လူထု ကိုယ်စားလှယ် ခေါင်းဆောင်များတွင် ကချင်ဘာသာရေး ခေါင်းဆောင်များ၊ ကချင်လူထု အခြေပြု အဖွဲ့ အစည်း ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ ပါဝင်ပြီး တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး နှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့လည်း ပါဝင်သည်။
KIA ဘက်မှ ငြိမ်းချမ်းရေးတွင် ပါဝင်နေစဉ် တပ်မတော်က KIA ထိန်းချုပ်နယ်မြေများကို ကာလရှည်ကြာ ထိုးစစ် ဆင်ခဲ့ သည်မှာ ငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် လုပ်ဆောင်မှု တခုဖြစ်ကြောင်း ကချင် ကိုယ်စားလှယ်များက ပြောဆို ခဲ့ သည် ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးရရန် NCA လက်မှတ်ထိုးကာ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ပြီး လိုအပ်ချက် များ၊ ပြောဆို ဆွေးနွေးလိုသည် များကို ညီလာခံတွင် ဆွေးနွေး အဖြေရှာရန် ပြန်လည်ပြောဆိုသည်ဟု ဆိုသည်။
ဦးတန်ဂွန်းက “အရင် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ကျနော်တို့ ဘိုးဘေးတွေ စာချုပ်ချုပ်ခဲ့စဉ်က ဒီ NCA ထိုးပြီးမှ ပြန်တည်ထောင်ပါ ဆိုတာမျိုး ကတိမရှိခဲ့ပါဘူး။ NCA ထိုးဖို့ထက် ဒီဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လို တည် ဆောက် ကြမလဲ။ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ ကျနော်တို့လူထုက ပိုစိတ်ဝင်စား နေပါတယ်” ဟု ပြောသည်။
ကချင် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် စာချုပ် ချုပ်ဆိုခဲ့သည့် ပင်လုံ ကတိကဝတ်များကို အကောင် အထည် ဖော် ညှိနှိုင်းပေးရန် လိုအပ်ကြောင်း ပြောဆိုရာ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း တင်းမာပြီး နေဖို့ မသင့် ကြောင်း၊ အလျှော့အတင်း ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့လည်း နိုင်ငံရေး လုပ်ရာ တွင် အလျှော့အတင်းများ ပြုလုပ်ခဲ့ရကြောင်း ပြန်လည်ပြောဆိုသည် ဟု သိရသည်။
တွေ့ဆုံပွဲ တက်ရောက်ခဲ့ကြသည့် ကချင် ကိုယ်စားလှယ် ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် နှင့် ပြောဆို ဆွေးနွေး ခဲ့ကြသည်များအား လူထုကို ပြန်လည်ရှင်းပြကာ လေ့လာသုံးသပ်ခြင်းများ ပြန်လုပ်သွားမည်ဟု ဆိုသည်။
KIO ဒုဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်က ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်လူထု ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ဘဝင်မကျ စရာ ၂ချက် ပါနေကြောင်း “၁”အချက်မှာ NCA ထိုးရန် KIO က လက်ခံပြီးသား ဖြစ်သည်ဟု ပြောကြောင်း၊ KIO က NCA ကို အပြီးသတ် မဆွေးနွေးနိုင်သေးသဖြင့် ဆက်ညှိနှိုင်း နေရခြင်းဖြစ်ပြီး အချက်အားလုံး သဘောတူလျှင် လက် မှတ် ထိုးမည်ဟု ပြောဆိုထားခြင်းသာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
နံပါတ် ၂ အချက်အဖြစ် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် တိုင်းရင်းသားအားလုံး မပါဝင်သဖြင့် ပုံသေကိုင်စွဲ၍ မရပါဟု နိုင်ငံတော် အတိုင်ပင်ခံ ပြောဆိုချက်ကြောင့် “ပင်လုံရဲ့အနှစ်သာ”ဟု အစိုးရဘက်မှ ပြောဆိုနေခြင်းများကို မေးခွန်း ထုတ် စရာဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ရေးသားထားသည်။
နေ့လယ်ပိုင်း မိုင်းနား စစ်ရှောင်စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရာတွင် စစ်ဘေး ဒုက္ခသည်များက ၆ နှစ် ကြာ တိမ်းရှောင်နေရစဉ်တွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ စားနပ်ရိက္ခာ ထောက်ပံ့သူများက ထောက်ပံ့မှုများ လျှော့ချ သွားကြောင်း၊ စခန်းတွင် နေထိုင်နေရသည့် အခက်အခဲများကို ပြောပြပြီး တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးရန် အစိုးရက ကူညီပေးပါဟုလည်း ဝိုင်းဝန်းပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည် ကမူ “ငြိမ်းချမ်းရေးမရှိလို့ IDPs(ပြည်တွင်း ဒုက္ခသည်) ဆိုတာ ရှိလာတာပါ။ ကျမတို့ ရွေးရမှာ က IDPs စခန်းတွေကို ရွေးမလား။ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရွေးမလား။ ကျမကတော့ ငြိမ်းချမ်းရေး လမ်းစဉ်ကိုပဲ ပြတ်ပြတ် သားသား ရွေးတဲ့သူပါ။ ကျမတို့ ပြည်သူတွေကလည်း ဒီအတိုင်းပဲ ရွေးချယ် လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များကိုလည်း “ကလေးတွေ ကျောင်းသွားရတာ ကြိုက်လား” ၊ “ကျောင်းမှာ စကား နားလည်ရဲ့လား”၊ “ကလေးတွေ ဘာသာစကား နားလည်တယ် ဆိုရင် ကျောင်းတက်ကို တက်ရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
“ကျမတို့ ကလေးတွေ ကျောင်းသွားနိုင်ဖို့ အတွက် ပြည်နယ်အစိုးရကနေ ဆောင်ရွက်ပေးပါ”ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စစ်ဘေးရှောင် လူကြီးလူငယ်များ ကိုယ်ပိုင်ဝင်ငွေ ရစေရန် ဟိုတယ် လုပ်ငန်း ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်နယ်အစိုးရက ညှိနှိုင်းကာ အလုပ်ရရေး ဆောင်ရွက်ပေးပါဟုလည်း ပြောဆို သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီးလျှင် မြစ်ကြီးနားမြို့မှ နေပြည်တော်သို့ ပြန်မည် ဖြစ်ကြောင်း၊ ယခု ခရီးစဉ်သည် NLD အစိုးရဖွဲ့ပြီးနောက် ပထမဆုံး ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် မြစ်ကြီးနားမြို့သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။