မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) သည် ဥပဒေ ချိုးဖောက်သည့် ဟောပြောလုပ်ဆောင်မှုများ ရှိသည့်အတွက် အရေးယူပေးရန် Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းက နိုင်ငံတော် သံဃမဟာ နာယက (မဟန) နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ထံ စာရေးသား ပေးပို့ကာ လျှောက်ထားတင်ပြလိုက်သည်။
ဦးဝီရသူအား အရေးယူပေးရန် တင်ပြစာကို မတ်လ ၂၈ ရက်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့ကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။
ဦးဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ ဦးဝီရသူအနေနဲ့ အမုန်းတရား ဟောပြောမှုတွေ၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောမှုတွေ လုပ်ခဲ့တယ်လို့ တရားဝင် စာထုတ်ထားတယ်၊ ဒါပေမယ့် အရေးယူမှု မရှိလို့ တိုက်တွန်း တင်ပြလိုက်တာပါ” ဟု ပြောသည်။
ယခုကဲ့သို့ ဦးဝီရသူအား အရေးယူပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တင်ပြခဲ့ခြင်းကို အချိန်အတိုင်းအတာ တရပ်အထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး ဖြေရှင်းဆောင်ရွက်ပေးမှုများ မရှိပါက ဥပဒေပြဋ္ဌာန်းချက်များပါ ရပိုင်ခွင့်များ အတိုင်း ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။
ဦးဝီရသူသည် ဖေဖော်ဝါရီ ၉ ရက်နေ့က ငပုတောမြို့နယ် ကျုံကူးကျေးရွာ တရားပွဲတွင် “ဗုဒ္ဓဘာသာဝင် အမျိုးသမီး များအား ကိုယ်ကသာ လုပ်ကျွေးမယ်ဆိုရင်ဗျာ၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းမယ့် ယောကျ်ားတွေ ပေါ လိုက်တာ၊ မရှိဘူးဆို ပြော၊ သံဃာတွေလွှတ်ပေးမယ်၊ အသောက်အစားလည်းကင်းဗျာ” စသည့် သံဃာများအပေါ် ထိခိုက် စော်ကားသည့် ဟောကြားချက်များလည်း ပြုလုပ်ခဲ့ကြောင်း စာထဲတွင် ဖော်ပြထားသည်။
ယင်းအပြင် ဦးဝီရသူ၏ ဟောပြောချက်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သာသနာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် တည်ဆဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅(က) ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင် ချိုးဖောက်ခဲ့ကြောင်းလည်း ဦးဆွေဝင်း က ဆိုထားသည်။
မဟန အနေဖြင့်လည်း ဦးဝီရသူ၏ ဟောပြောချက်များနှင့် ပတ်သက်၍ အမုန်းတရား ကြီးထွားစေရန် ဟောပြောမှု များကို ကြိမ်ဖန်များစွာ ပြုလုပ်နေသည်ဟုဆိုကာ ၂၀၁၇ မတ်လ ၁၀ ရက်မှ စတင်ကာ တရားဟောခွင့် တနှစ် ပိတ် ပင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ထုတ်ပြန်ပြီးနောက် မတ်လ ၁၁ ရက်နေ့တွင် ဦးဝီရသူက အိမ်မဲမြို့နယ်တွင် ကျင်းပသည့်တရားပွဲ၌ ပါးစပ်အား တိပ်ဖြင့်ပိတ်ကာ ဝစီပိတ် တရားပွဲ ကျင်းပခဲ့သည်။
ဦးဝီရသူ အနေဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အမိန့်ကို မလိုက်နာဘဲ တရားပွဲများ ဆက်လက် ကျင်းပ နေမည်ဆိုပါက ထောင်ချနိုင်ကြောင်း သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဦးဘန္ဒန္တကုမာရာဘိဝံသ က ဧရာဝတီသို့ မတ်လ ၂၈ ရက်က မိန့်ကြားခဲ့သည်။
လက်ရှိတွင် ဦးဆွေဝင်းကိုယ်တိုင်လည်း ဦးဝီရသူ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဝေဖန် ပြောကြားမှုများကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) စသည့် ပုဒ်မများဖြင့် တရားစွဲဆို ခံထားရသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ပတ်သက်၍ တရားဝင်အဖွဲ့အစည်း ဟုတ်၊ မဟုတ်နှင့် ၎င်းတို့၏ လုပ်ဆောင်မှုများမှာ ဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် အမှန်တကယ် အကျိုးအာနိသင် ရှိ မရှိကို တိကျသည့် ဆုံးဖြတ်ချက် ထုတ်ပြန်ပေးရန် မဟနထံ လျှောက်ထား တောင်းဆိုထားသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅(က)သာသနာ ညှိုးနွမ်းစေမှုတွင် လူတစားကိုးကွယ်သည့် ဘာသာ သာသနာကို ဖြစ်စေ၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစား၏ သာသနာရေးစိတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင် ကျူးလွန်သော ပြုလုပ်မှုများနှင့် ပတ်သက်၍ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင် မသမာသော အကြံဖြင့် မည်သူ့ကိုမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊ ထိုလူတစား ကိုးကွယ်သည့် ဘာသာ သာသနာကို လည်းကောင်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုလည်းကောင်း စော်ကားလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။