သတင်း

မွန်ပြည်သူများ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်မဝင်စား

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကြားဖြတ် ရွေးကောက်ပွဲအတွက် ရွေးကောက်ခံကြမည့် နိုင်ငံရေး ပါတီများမှ ကိုယ်စား လှယ်များ ကွင်းဆင်း၍ အပြိုင်အဆိုင် မဲဆွယ်မှုများ ပြုလုပ်နေသော်လည်း ဒေသခံ ပြည်သူများမှာ စိတ်ပါဝင်စားမှု နည်းနေ ကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီ နှင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် သူများက ပြောဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက “အကယ်၍ ပြည်သူတွေဟာ စိတ်ပါဝင်စားမှု များမယ်ဆိုရင် ကော်မရှင်ရုံးမှာ အုန်းအုန်းကျွက်ကျွက်နဲ့ လာပြီး ကြည့်ကြမယ်၊ တိုးဝှေ့ ပြီးတော့ကို ရှိရမယ့် အစား၊ အခု အဲဒီရုံးကို ဖြတ်သွားရင် ချောင်းကြည့်ရတယ် ဘယ်သူ ရှိလဲလို့ ဆိုတာ၊၊ နောက်ဆုံးတော့ ဘယ်သူ့ကိုပဲ တွေ့လဲ ဆိုတော့ ကော်မရှင် အဖွဲ့ဝင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် တယောက် နှစ်ယောက်ပဲ တွေ့နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် တနေရာ ပါဝင်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွှယ်က နိုင်ငံတော် အခြေခံ ဥပဒေ ခုံးရုံး အဖွဲ့ဝင်အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့သဖြင့် လစ်လပ်နေရာအား အစားထိုးရန်အတွက် ကျင်းပရခြင်း ဖြစ်သည်။

ထိုမဲဆန္ဒနယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ မွန်အမျိုးသား ပါတီ (MNP)နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တစည) တို့ မှ ဝင်ရောက် ရွေးချယ်ခံကြမည် ဖြစ်သည်။

Asian Network for free Elections (ANFREL) အဖွဲ့မှ ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် မစ္စစ် Manori Kalugampitiya က “၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ဒီရွေးကောက်ပွဲကို ပြည်သူတွေ သိပ်ပြီး စိတ်ပါဝင်စားမှု မရှိဘူးလို့ သုံးသပ်ရမယ်။ တဖက်မှာတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်မှု အပိုင်းတွေမှာ တခြား အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး တိုးတက်လာတာကို တွေ့ခဲ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေသခံများအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲအား စိတ်မဝင်စားသည့် အကြောင်းမှာ မဲပေးခြင်းဖြင့် ၎င်းတို့၏ နေ့စဉ် ကြုံတွေ့ နေရသည့် ဆင်းရဲသည့်ဘဝကို အပြောင်းအလဲ ဆောင်ကြဉ်းပေးနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်မှု အားနည်းနေခြင်းကလည်း အဓိက အကြောင်းရင်း အချက်တခုအဖြစ် ပါဝင်ကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက ရှင်းပြသည်။

၎င်းက “ဝမ်းစာအတွက် အလုပ်လုပ်နေရတဲ့ အခါကျတော့ မဲစာရင်း မကြည့်နိုင်ဘူး၊ လာကြည့်လို့ တွေ့ရင်လည်း ချက်ချင်း ဘာမှ လုပ်လို့ မရဘူး၊ အလုပ်ပျက်တယ်၊ တနေ့ အလုပ်ပျက်ရင် ငါးထောင်လျော့မယ်၊ သူ့အတွက် စားဖို့ မရှိဘူး၊ ဒါတွေက ပြည်သူတွေရဲ့ ဘက်က အခြေအနေတွေပါ” ဟု ဆိုသည်။

ချောင်းဆုံမြို့နယ် လူထုအနေဖြင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲ လောက် စိတ်ဝင်စားမှု မတွေ့ရကြောင်း၊ မဲစာရင်း သွားကြည့်သူ အရေအတွက်မှာလည်း လူဦးရေ ၁၀၀ လျှင် ၅ ယောက်နှုန်း လောက်သာ ရှိကြောင်း ချောင်းဆုံမြို့နယ်တွင် AMDP ပါတီမှ ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးဝင်းထွဋ် (ခ) ဦးမြဝင်းက ပြောသည်။

“ဘယ်သူပဲ တက်တက်၊ ဘယ်သူပဲ အမတ်ဖြစ်ဖြစ် ကျနော်၊ ကျမတို့နဲ့ မဆိုင်ပါ။ ကျမ တို့က လယ်ပဲ လုပ်ရမယ်။ ရာဘာပဲ လှီးရမယ်။ ကုန်ရောင်း ကုန်ဝယ်ပဲ လုပ်ရမယ်။ အဲလို သဘောထားနေတာက အင်အား အများစု ဖြစ်နေလို့ စိတ်ဝင်စားမှု နည်းတယ်လို့ ကျနော် သုံးသပ်တယ်” ဟု ဦးဝင်းထွဋ် (ခ) ဦးမြဝင်းက ပြောဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းကတော့ ၎င်းတို့ ပါတီအနေဖြင့် ဆန္ဒမဲပေါင်း ၂၅၀၀၀ ရရှိပါက နိုင်ခြေရှိသည်ဟု တွက်ဆထားကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးအောင်ကြည်သိန်း က “ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ တုန်းကလည်း မဲပေးနိုင်သူ တစ်သိန်း နှစ်သောင်းကျော် ရှိပေမယ့် တကယ် လာပေးတော့ ၅ သောင်း၊ ၆ သောင်းလောက်ပဲ လာကြတယ်။ ကျနော်တို့ အခုလည်း ဒီလောက်ပဲ မှန်းတယ်။ ဒီကျွန်းရဲ့ အစဉ်အလာ အရ ပြောရမှာပေါ့နော်၊ မဲက ၂၃၀၀၀၊ ၂၄၀၀၀၊ အလွန်ဆုံး ၂၅၀၀၀ ပေါ့။ အဲလောက် ရရင် နိုင်ပြီ၊ ဒါပဲ။ ကျနော်တို့လည်း အရှင်းဆုံး ပြောရရင် အဲဒီမဲ ရအောင် ကြိုးစားမယ်။ ၂၅၀၀၀ ရရင် နိုင်ပြီ” ဟု ဆိုသည်။

ချောင်းဆုံ မြို့နယ်သည် ကျေးရွာပေါင်း ၆၄ ရွာ ရှိကာ မော်လမြိုင် တဖက်ကမ်းရှိ ဘီလူးကျွန်းပေါ်တွင် တည်ရှိသည့် မြို့နယ် တစ်ခု ဖြစ်ကာ ရိုးရာလက်မှု ကျောက်သင်ပုန်း လုပ်ငန်း၊ ဆေးတံလုပ်ငန်းတို့နှင့် လူသိများသည့် နေရာတခု ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင်လည်း မော်လမြိုင်နှင့် ဘီလူးကျွန်း (ချောင်းဆုံ) ကို ဆက်သွယ်ထားသည့် တံတားအား ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့ပြီးနောက် မွန်ပြည်သူ လူထု နှစ်သောင်းကျော် ကန့်ကွက် ဆန္ဒပြခဲ့ကြသဖြင့် ပိုမို၍ လူသိများလာသည့် နေရာတခု ဖြစ်ခဲ့သည်။

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ၌ ချောင်းဆုံ မြို့နယ်တွင် မဲပေးနိုင်သူပေါင်း ၁၂၅၈၉၅ ဦး ရှိကာ မဲရုံပေါင်း ၆၂ ရုံ၊ မဲရုံ ဝန်ထမ်းပေါင်း ၅၄၄ ဦး ခန့်အပ်ထားပြီး ထိုအထဲတွင် ပညာရေး ဌာနမှ ဝန်ထမ်းပေါင်း ၉၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲရုံးမှ တဆင့် သိရှိရသည်။

မဲရုံ တစ်ခုလျှင် အနည်းဆုံး မဲရုံ ဝန်ထမ်း ၇ ဦး မှ အများဆုံး ၁၃ ဦး အထိ ထားရှိရန် စီစဉ် ဆောင်ရွက်ထားပြီး  မဲရုံ ဝန်ထမ်း များအတွက် ခွင့်ပြု ဘတ်ဂျက်ငွေ ၅၄ သိန်း ၅ သောင်းကျော် ရရှိထားပြီး ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading