လာမည့် မဟာသင်္ကြန်ကာလအတွင်း ပြဿနာ တစုံတရာ မဖြစ်စေရန် သင်္ကြန်ကာလ လုံခြုံရေးအင်အားကို လူဦးရေ ၈၀၀၀ ကျော် အသုံးပြုမည်ဟု ရန်ကုန်မဟာသင်္ကြန်ပွဲတော် လုံခြုံရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ယနေ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် တိုင်းအစိုးရလက်အောက်တွင်ရှိသော ဝန်ထမ်း အင်အား ၃၀၀၀ကျော်၊ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ အင်အား ၁၂၀၀ ကျော်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ၁၁၂၅ ဦး၊ တခြား (သတင်းတပ်ဖွဲ့ ၊ မူခင်းတပ်ဖွဲ့ ၊စည်ပင်ရဲတပ်ဖွဲ့) တို့မှ အင်အား ၃၀၀ ကျော် စုစုပေါင်း ရဲတပ်ဖွဲ့ဝင်အင်အား ၆၀၆၀ ကျော် နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုံခြုံရေးအင်အားများ ရယူ အသုံးပြုသွားမည် ဖြစ်သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက “လုံခြုံရေးအင်အား အနေဖြင့် အားလုံးပေါင်းရင် ၇၀၀၀ ကျော် ၈၀၀၀ နီးနီးနဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ သင်္ကြန် ကာလလုံခြုံရေးကို ပြည်သူ လူထုကို ပျော်ရွှင်ချမ်းမြေ့စွာ ပြဿနာ တစုံတရာ မဖြစ်အောင် စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်”ဟု ပြောသည်။
“မဏ္ဍပ်တွေအပေါ်မှာ ကြီးတဲ့မဏ္ဍပ်ဆိုရင် အရာရှိ ၂ ဦး နဲ့ အခြားအဆင့် ၁၈ ဦး ယူနီဖောင်းဝတ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်သလို အထူးတပ်ဖွဲ့တွေကလည်း အရပ်ဝတ်နဲ့လည်း တာဝန်ချ ထားပေးမယ်။ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ မဏ္ဍပ်တခုမှာ ရဲတပ်ဖွဲ့အင်အား ၂၀ ဦး အသုံးပြုသွားမယ်။ ခရိုင်မဏ္ဍပ်ရော ပြည်သူပိုင်မဏ္ဍပ်ရော လုံခြုံရေးတာဝန်ယူသွားမယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးလှဝေက ရှင်းပြသည်။
၂၀၁၆ ခုနှစ် သင်္ကြန်ကာလတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဝန်ဆောင်မှုပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဝန်ဆောင်မှု ပေးသည့် အတိုင်းအတာထက် ကျော်လွန်ပါက လုပ်ဆောင်သူကို ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ရှင်းပြသည်။
“ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝန်ဆောင်မှုပေးတယ်ဆိုပြီး အရက်ပုလင်းလိုက်ယူလာရင် ကြွပ်ကြွပ်အိတ်နဲ့ ပြောင်း ထည့် ပေးတာတွေ ၊ မူးနေတာတွေ အကူအညီပေးခဲ့တာတွေကို အများအပြား လုပ်ခဲ့တယ်။ ဒါပေမယ့် မြန်မာလူမျိုး အကျင့်စရိုက်ကိုက ဒီလိုပဲလုပ်ပေးရင် ဒီနှစ်မှာလည်း ဒီလိုပဲဖြစ်နေဦးမှာ။ ဒါကြောင့် ပြဿနာ မဖြစ်အောင်လို့တော့ ကာကွယ်မယ်။ ဆိုးဝါးလာတာဆိုရင် ဝန်ဆောင်မှုပေးတာထက် ကျော်သွားတာ အားလုံးကို ဥပဒေနဲ့အညီ အရေးယူသွားဖို့ လိုမှာဖြစ်တယ်” ဟု ပြောသည်။
သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် ပတ်သက်၍လည်း အရှိန်မြင့် ဆောင်ရွက်နေကြောင်း၊ အင်းယားကန်ဘောင်၊ သာဓုကန်အတွင်း ရေဆင်းကူးရာတွင် ရေနစ်သေဆုံးမှု မရှိစေရေး စီမံထားရှိကြောင်း၊ တရားရုံးများကိုလည်း သင်္ကြန်ကာလအတွင်း ဖြစ်ပေါ်လာသည့် မှုခင်းများကို မြန်ဆန်စွာဖြေရှင်းနိုင်ရန် ဖွင့်လှစ် ဆောင်သွားမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရေးဦးစီးမှူး ဒေါ်မြသွေးက “သင်္ကြန်ကာလ အတွင်းမှာ ၄၄ မြို့နယ်က တရားရုံးတွေကို ဧပြီ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိဖွင့်မယ်။ အဲဒီရုံးအသီးသီးမှာ တာဝန်ထမ်းနေတဲ့ တရားသူကြီး တွေက တရားစွဲဆို လာတဲ့အမှုတွေကို နေ့ချင်းပြီး စစ်ဆေးမယ်။ ပြစ်မှုကျူးလွန်သူကို ပြစ်မှုနဲ့အညီ ချမှတ်မယ်။ မူးယစ် ရမ်းကားသူ မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်ပြီး ကစားသူတွေ၊ တုတ်၊ ဓား လက်နက်ကိုင်ဆောင်သူတွေကို တရားစွဲ တင်ပို့လာရင် ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်သွားပါမယ်”ဟု ပြောသည်။