သတင်း

ရန်ကုန်မြို့တွင်း သင်္ကြန်မဏ္ဍပ် ၂၂ ခု ဆောက်လုပ်ခွင့် ပြုမည်

အစိုးရသစ်လက်ထက် ယခုနှစ် မဟာသင်္ကြန်တွင် ရန်ကုန်မြို့တွင်း၌ မဏ္ဍပ်ကြီး ၁၇ ခုနှင့် မဏ္ဍပ်အလတ် ၅ ခု၊ မဏ္ဍပ်စုစု ပေါင်း ၂၂ ခုတို့ကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)မှ သိရသည်။

မြို့တော် စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဒုတိယ ဌာနမှူး ဦးစိုးသိန်းအောင် က“ဒီနှစ် သင်္ကြန်မှာ မြို့တွင်း ကတော့ မဏ္ဍပ်စုစုပေါင်း ၂၂ ခု ချပေးမှာဖြစ်တယ်။ လာလျှောက် ထားတာကလည်း ၂၂ ခုပဲဖြစ်တယ်။ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ မြို့နယ် ခရိုင်တွေက မဏ္ဍပ် အသေးတွေကတော့ စာရင်း မတောင်းရသေးဘူး။ မဏ္ဍပ် အများဆုံး ချပေးမှာတော့ ပြည်လမ်း ဖြစ်တယ်။ မဏ္ဍပ်လက်ခံတာ ပိတ်တာက မတ်လ ၂၅ ရက်နေ့ ဖြစ်တယ်။ ကြိုလည်း ပြောထားတာဖြစ်တဲ့ အတွက် နောက်ထပ် မဏ္ဍပ် လျှောက်တာတွေကို လက်ခံဖို့မရှိဘူး”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် အစိုးရသစ် စတင်တက်လာသည့် မဟာသင်္ကြန်တွင် ရန်ကုန်မြို့တွင်း၌ မဏ္ဍပ်ကြီး ၁၂ ခု၊ မဏ္ဍပ်အလတ် ၁၃ ခု စုစုပေါင်း ၂၅ ခုခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ ခရိုင်များမှ မဏ္ဍပ်အသေး စုစုပေါင်း ၇၂ ခုကို ခွင့်ပြုပေးကာ စီးပွား ဖြစ် သင်္ကြန်မဏ္ဍပ်များကို ခွင့်မပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲမှူး ဦးလှဝေက“မဏ္ဍပ်က အကြီးက ၂၂ ခု လျှောက်ထားပြီး အလတ်က ၃၀ ကျော် အသေးက ၃၀ ကျော် ၈၀ ပတ်ဝန်းကျင် လက်ရှိ စာရင်းအရ သိရပါတယ်”ဟု ပြောသည်။

မတ်လ ၂၉ ရက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော ၂၀၁၇ ခုနှစ် သင်္ကြန်ပွဲတော်တွင် အေးချမ်းစွာ ရေကစား နိုင်ရေးအတွက် အကြိုကာကွယ်ခြင်းနှင့် လုံခြုံရေး လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ညိုနိူင်းဆွေးနွေးပွဲ၌ ပြောဆိုခြင်း ဖြစ် သည်။

ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ လက်အောက်ရှိ အင်အား ၃၀၀၀ ကျော်၊ ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှူးရုံးမှ အင်အား ၁၂၀၀ ကျော်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ၁၁၂၅ ဦးနှင့် တခြား (သတင်းတပ်ဖွဲ့ ၊ မူခင်းတပ်ဖွဲ့ ၊ စည်ပင်ရဲတပ်ဖွဲ့) တို့က အင်အား ၃၀၀ ကျော် စုစုပေါင်း ရဲတပ်ဖွဲ့အင်အား ၆၀၆၀ ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း ရဲမှူး ဦးလှဝေ က ပြော သည်။

သို့သော် ယခုနှစ် သင်္ကြန်တွင် အစိုးရအဖွဲ့အနေဖြင့် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များကို ခွင့်ပြုပေးသွားမည် ဖြစ်သော်လည်း ယနေ့ချိန်အထိ  အဆိုပါမဏ္ဍပ် တည်ဆောက်ရန် လာရောက် လျှောက်ထားသူ ဦးရေမှာ ရန်ကုန်မြို့တော် စည်ပင် သာယာ ရေး ကော်မတီတွင် တဦးသာ ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မည်မျှလျှောက်ထားသည်ကို မသိရသေးကြောင်း၊ ခွင့်ပြု မည့် အရေအတွက်ကိုလည်း တိုင်းအစိုးရအဖွဲ့က စိစစ်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဒုတိယ ဌာနမှူး ဦးစိုးသိန်းအောင်က ပြောပြသည်။

အင်းယားလမ်း ၊ ကန်တော်ကြီး ကန်ပတ်လမ်းများ၌ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ခွင့်ပြုမည် မဟုတ်ကြောင်း၊ အများ ပြည်သူပိုင် ဧရိယာ မဟုတ်သည့် ပြည်သူရင်ပြင်၊ အိမ်ရာ ခြံဝင်းကြီးများနှင့် မိုင်ဒါကွင်း ကဲ့သို့ နေရာများတွင်သာ စီးပွားဖြစ် မဏ္ဍပ် ဆောက်လုပ်ခွင့် ပြန်လည် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်သူ ကိုထက်အောင်က “ဝင်းကြီးတွေ ထဲမှာကျတော့ ဘယ်သူတွေက ရေပက်ခံဝင်မှာလဲ။ နောက်ဆုံးကျ Music featival ဆန်ဆန် ဖြစ်သွားမှာပဲ။ သင်္ကြန်နဲ့ မတူဘူးပေါ့။ သင်္ကြန်ကြီးက ခြောက်ကပ် သွားတာပေါ့။ ဒီနှစ်သူကကားလမ်းလည်း မပိတ်စေချင်တော့ စီးပွားဖြစ်သင်္ကြန်တွေကို ပြန်ပေးပေမယ့် ဒါသည် သင်္ကြန် မဟုတ်ဘဲနဲ့ Music festival ပိုဆန်သွားတယ်လို့ ထင်တယ်။ အခြေအနေက ဘာမှန်းမသိသေးဘူး။ အကျဉ်းအကြပ်ထဲ ရောက်နေ တာ”ဟု ပြောသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူများသည် ပထမဦးစွာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဆောင်သည့် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံ တင်ပြပြီး ခွင့်ပြုချက်ရမှာသာ စည်ပင် လမ်းတံတားဌာနသို့ အာမခံငွေကြေး အဖြစ် မဏ္ဍပ် ကြီး တခုလျှင် ကျပ်သိန်း ၂၀၀၊ မဏ္ဍပ်အလတ် တခုလျှင် ကျပ်သိန်း ၁၀၀ အာမခံစပေါ်များ ပေးသွင်းပြီးမှ တည်ဆောက်ခွင့် ရမည် ဖြစ်သည်။

မဏ္ဍပ် တည်ဆောက်သည့် စည်းကမ်းချက်များအရ နေရာကိုကျော်၍ ဆောက်ခြင်း၊ ရွှေ့ပြောင်းခြင်းရှိလျှင် ဆောက်လုပ်ခွင့် ရုပ်သိမ်းခြင်း၊ ခွင့်ပြုချက်ရသူက ငှားရမ်းလွှဲပြောင်းလျှင် မဏ္ဍပ်အကြီးလျှင် ကျပ်သိန်း ၅၀ နှင့် မဏ္ဍပ်အလတ်အတွက် ကျပ် သိန်း ၃၀ ဒဏ်ပေးဆောင်ရမည် ဖြစ်ပြီး သတ်မှတ် အရွယ်အစားထက် ပို၍ ဆောက်လုပ်ပါက တပေလျှင် ကျပ် ၁၀ သိန်း ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ကာ ယင်းဒဏ်ကြေးများကို အာမခံစပေါ်ငွေများမှ ပြန်လည်ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်များအားလုံးတွင် အလုံပိတ် အခန်းများကိုလည်း အရေးယူဆောင်ရွက်မည့် အပြင် CCTV ကင်မရာများနှင့် စောင့် ကြည့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့ တိုင်းဒေသကြီး အစိုးရရုံးတွင် ပြုလုပ်သော သင်္ကြန် သတင်းစာ ရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလတွင် စည်းကမ်းဖောက်သည့် မဏ္ဍပ်များမှ ဒဏ်ကြေးငွေ ကျပ် သိန်း ၄၄၀ ရရှိခဲ့ကြောင်း လည်း ဆို သည်။

သင်္ကြန်ပွဲတော် ကာလသည် ပူပြင်းသည့် နွေရာသီကာလ တခုဖြစ်သည့် အတွက် ရေကစားချိန် များကို နံနက်ပိုင်းတွင် ၈ နာရီ မှ ၁၂ နာရီအထိ ညနေပိုင်းတွင် ၃ နာရီကနေ ၆ နာရီအထိ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Loading