ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေ ကျေးရွာ၌ လူ ၁၇ဦးကိုု အကြမ်းဖက်သင်တန်း တက်ရောက်သဖြင့် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ (၂) ဖြင့် ဖမ်းဆီးထားပြီး၊ ၎င်းတို့သည် တရက်လျှင် ငွေကျပ် ၃ထောင်ရရှိသည့် အတွက် တက်ရောက်ခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ က မီဒီယာများ ကို ပြောသည်။
အဆိုပါ မွတ်ဆလင် ၁၇ဦးကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲရဲ့ စခန်းမှူး ရဲအုပ် ထွန်းနိုင်က“အကြမ်းဖက် သင်တန်း တက်ရောက်တဲ့သူတချို့ကို ဖမ်းစစ်လိုက် တော့ တရက်ကို ပိုက်ဆံ ၃၀၀၀ ရလို့ ဆိုပြီး ထွက်ဆိုတယ်”ဟု ပြီးခဲ့သည့် ရက်ပိုင်းက ဤဒေသကို သွားရောက်လေ့လာသည့် မီဒီယာများကို ပြောသည်။
အဖမ်းဆီးခံရသူ ၁၇ ဦးတွင် မော်လဝီဆရာ တဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း တဦးနဲ့ လယ်ပိုင်ရှင် တဦးတို့ ပါဝင်ပြီး ကျန်တဲ့သူ များမှာ လက်လုပ် လက်စားတွေ ဖြစ်ကြောင်း၊ အကြမ်းဖက်သင်တန်းမှာ ကိုယ်ခံပညာသင်တန်း၊ လက်နက်ငယ်သင်တန်းတွေ ပါဝင်ပြီး သင်တန်းပြီးပါက ဘင်္ဂလားဒေ့ရှ်မှ လက်နက်များ ရောက်ရှိလာမှာ ဖြစ်ကြောင်း ပြောဆိုမှုများ ရှိသည်ဟု သိရသည်။
အဆိုပါ အကြမ်းဖက် သင်တန်းကို မော်လဝီဆရာ (ဘာသာရေးဆရာ) တဦးက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ မောင်တော နယ်ခြား စောင့် တပ်စခန်းများကို တိုက်ခိုက်စဉ် ပါဝင်သည့်အတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်ကြောင်း တောင်ဘဇား နယ်မြေ ရဲစခန်းမှူးလည်း ဖြစ်သူ ရဲအုပ်ထွန်းနိုင်က ပြောသည်။
အသက် ၁၅ နှစ်အရွယ် ကလေးတဦးပါ ပါဝင်သည့် ယင်း ၁၇ဦးကို ဘူးသီးတောင် အကျဉ်းထောင်မှာ ထိန်းသိမ်းထားရာ ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့သည်။
အဆိုပါ အကြမ်းဖက်သင်တန်းကို တင်းမေရွာအပါအဝင် မွတ်ဆလင်များသည့် ကျေးရွာများတွင် သင်တန်းပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ ရွာသားများ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် လက်နက်ငယ်များကို မတွေ့ရသော်လည်း ကိုယ်ခံပညာသင် ကြားပေးရုံအဆင့် သာရှိကြောင်း သိရသည်။
“ကျနော်တို့ သတင်းရလို့ ပိတ်ဖမ်းလိုက်တော့ လွတ်တဲ့လူတွေလည်း လွတ်တယ်။ ဒါပေမယ့် ၁၃ ယောက်ရလိုက်တယ်။ သူတို့က ဘင်္ဂ လားဖုန်းနဲ့ တဖက်ကို အဆက်အသွယ်လုပ်ဖို့ လူစုနေကြတဲ့အချိန်မှာ ဖမ်းမိတာပါ”လို့ ရဲအုုပ် ထွန်းနိုင်က ပြောသည်။
သို့သော် အဖမ်းခံထားရသည့် အသက် ၆၀ အရွယ် ရုစ်တုမ်ဘာလီးရဲ့ သားဖြစ်သူ အဘူတော်ယုမ်က သူ၏ ဖခင်မှာ နံနက်ပိုင်း ဈေးဆိုင်ဖွင့်နေစဉ် အဖမ်းခံရတာဖြစ်ကြောာင်း စကားပြန်ကတဆင့် မီဒီယာများကို ပြောသည်။
“သူ့အဖေက ဈေးဆိုင်အစောကြီး သွားဖွင့်နေတုန်း အဖမ်းခံရတာ ဖြစ်ပါတယ်တဲ့။ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာတော့ သူလည်း မသိပါဘူး။ သူက သူ့အဖေနဲ့ ညတိုင်း အတူနေပါတယ်။ အဲဒါကို ကျမ်းကိုင်ပြီး ပြောလို့ရပါတယ်တဲ့”ဟု စကားပြန်ဖြစ်သူက အဘူ တော်ယုမ်၏ စကားကို မီဒီယာများသို့ တဆင့် ပြန်လည် ပြောပြသည်။
အာဏာပိုင်များ၏ စစ်ဆေးချက်အရ အကြမ်းဖက်သင်တန်းအတွက် ထောက်ပံ့မှုများကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေရှ်တို့ကနေ တဆင့် ပေးအပ်ခြင်းဖြစ်တယ်လို့ ထွက်ဆိုကြောင်း ပြောသည်။
အကြမ်းဖက်သင်တန်း တက်ရောက်မှုဖြင့် အဖမ်းခံရသည့် ဟူစတန်မာလေရဲ့ ညီဖြစ်သူ တင်းမေရွာ သား အာဘူကာလမ်ကတော့ ၎င်း အနေနဲ့ အကြမ်းဖက်မှုကို မနှစ်သက်ပဲ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုပဲ ထောက်ခံတယ်လို့ ဆိုသည်။
အဘူကာလမ်သည် ၎င်း၏ အကို အဖမ်းမခံရခင် ၂ ရက်အလိုအထိ အတူတူရှိခဲ့ပြီး၊ သူ့အကို၌ သားသမီး ၈ ယောက် ရှိကြောင်း၊ ဘာကြောင့် အဖမ်းခံရသည်ကို မသိသော်လည်း အဖမ်းခံရသူ အားလုံးကို သိကြောင်းလည်း မီဒီယာတွေကို ပြောသည်။
နောက်ဆုံး အဖမ်းခံရသူ ၁၃ ယောက်၌ ၁၁ ဦးက တင်းမေရွာက ဖြစ်ပြီး၊ လက်ရှိအချိန်မှာ ခြိမ်းခြောက်ခံနေရလို့ လုံခြုံရေးအတွက် ဂရုစိုက်နေရတယ်လို့ တင်းမေရွာ တာဝန်ခံ ဟာမီဒူလာက ပြောသည်။
မောင်တော နယ်ခြားစောင့် တပ်စခန်းတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း အခုကဲ့သို့ မွတ်ဆလင် လူဦးရေများသည့် ဒေသတချို့၌ သင်တန်း ပေးရန် စီစဉ်လာခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့အင်အားတွေ တိုးချထားပေသော်လည်း နယ်မြေလုံခြုံရေးနဲ့ နယ်စပ်ဝင်ပေါက်များ ပိတ်ဆို့နိုင်ဖို့ အထိတော့ လုံလောက်တဲ့ အင်အား မရှိသေးကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲထံမှ သိရသည်။