Crime

မန္တလေးတိုင်းလုံခြုံရေး ဆောင်ရွက်မည်ဟု နယ်လုံ ဝန်ကြီး ပြော

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ လုံခြုံရေးအတွက် အသိပညာ ပေးခြင်း၊ ကြိုတင် ကာကွယ်ခြင်းနှင့် အရေးယူခြင်းတို့ဖြင့် အပိုင်း ၃ ပိုင်းခွဲကာ ဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က ယနေ့လွှတ်တော်တွင် ပြောကြား လိုက်သည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင်  ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၏ မြို့လုံခြုံရေးနှင့် ပတ်သက်သည့်မေးခွန်းအပေါ် ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး မျိုးမင်းအောင်က “မှုခင်းနှိမ်နင်းရေးအတွက် ရဲတပ်ဖွဲ့အင်အားမလုံလောက်တာ ကြောင့်လည်း နေရာတိုင်း ထောင့်စေ့အောင် မလုပ်နိုင်သလို အားနည်းချက်တွေ၊ ဟာကွက်တွေတော့ ရှိနိုင်ပါတယ်။ တပ်ဖွဲ့ဝင်အင်အားတိုးဖို့ကလဲ ပြည်ထောင်စုအဆင့်မှာ လုပ်ရမှာမို့ တိုင်းအဆင့်နဲ့ လုပ်နိုင်သလောက်ပဲ လုပ်ရတဲ့ အနေအထားလေးတွေ ရှိပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်း မှုခင်းဖြစ်စဉ်များ တိုးလာသည့်အကြောင်းအရင်းများတွင်  မူးယစ်ဆေးဝါးသုံးစွဲသူ အများစု၏ ငွေကြေးလိုအပ်မှုကြောင့်သည် အဓိကအချက် တခုအဖြစ် ပါဝင်လျက်ရှိကြောင်း၊ မှုခင်းဆိုင်ရာ အသိပညာနည်းပါးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ငွေကြေး လိုအပ်ချက်ရှိခြင်း၊ အလုပ်အကိုင် ရှားပါး ခြင်း၊ ပြည်ပနိုင်ငံများကို အတုယူကာ ထင်ပေါ်ကျော်ကြားလိုစိတ် ဖြင့် အုပ်စုဖွဲ့၍ လူပြတ်သော နေရာများ တွင် လုယက်မှုများ ကျုးလွန်ခြင်း၊ အရက်သေစာသောက်စားခြင်း တို့ကြောင့် ဖြစ်သည်ဟု ဝန်ကြီးက သုံးသပ်သည်။

“မန္တလေးမြို့မှာ တနှစ်ထက် တနှစ် မှုခင်းတွေက လျော့နည်းမသွားဘဲ ပိုဖြစ်လာတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ ဓားနဲ့ ခြိမ်းခြောက်လုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင် အင်အားနဲ့ လှည့်ကင်းကား နည်းတဲ့အတွက် လှည့်ကင်းရှေ့က ကျော်သွားတာနဲ့ နောက်မှာ မှုခင်းကျူး လွန်ကြတာတွေ များတယ်။” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

ယခင်နှစ်ပိုင်းအတွင်းက မန္တလေးမြို့တွင် ညပိုင်းအချိန် အသွားအလာပြတ်သည့်လမ်းများတွင် လုယက်မှု များ ကြုံတွေ့ရသော်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စ၍ လူစည်ကားသည့်နေရာများတွင် အုပ်စုဖွဲ့ ရိုက်နှက် လုယက်ခြင်း၊ ဓားဖြင့် ရန်ရှာလုယက်ခြင်းတို့အထိ မှုခင်းဖြစ်ပွားမှုအခြေအနေ မြင့်တက်လာကြောင်း သိရသည်။

ယခုလအတွင်း မန္တလေးမြို့ ကျန်စစ်သားလမ်းဘေးတွင် ဆိုင်ကယ်ဖြင့် လဲကျသေဆုံးနေသည့်အလောင်း ၏ ဦးခေါင်းမှ ကျည်ဆန် တွေ့ရှိသည့်ဖြစ်စဉ်၊ မတ်လ ၂၉ ရက်ညက ဆိုင်ကယ်စီးလာသည့် လူငယ် အမျိုးသား တဦး၏ လည်ပင်းကို ဓားဖြင့်ထိုး၍ လုယက်သည့်ဖြစ်စဉ်တို့သည် မန္တလေးမြို့နေလူထု၏ လုံခြုံရေးအတွက် စိုးရိမ်မှု ဖြစ်စေသည့် အကြောင်းအရာများ ဖြစ်သည်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

မန္တလေးတိုင်း အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မတ်လ ၂၀ ရက်အထိ ဖြစ်ပွားခဲ့သော မှုခင်းပေါင်း ၂၀ မှုရှိပြီး ၂၀၁၅ ခုနှစ် တနှစ်လုံး တွင် ၇၁ မှု၊ ၂၀၁၆ ခုနှစ်တွင် ၈၈ မှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ သိရသည်။

Loading