ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်အတွင်း ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲ ပေးရမည့် မဲရုံ ၅ ရုံ နေရာ ရွှေ့ပြောင်း ခဲ့ရသဖြင့် မဲပေးမည့် ဒေသခံ ၄၀၀၀ ကျော် အခက်အခဲရှိကြောင်း သတင်းရ သည်။
ထို့ကြောင့် မဲပေးမည့် မဲဆန္ဒရှင်များ အဆင်ပြေစေရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်နေသည်ဟု လည်း သိရသည်။
မိုင်းရှုးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းဝင်းက “မဲရုံရွှေ့ပြောင်းထားတော့ သူတို့မဲပေးဖို့ တော်တော် အခက် အခဲ ဖြစ်သွားပါတယ်။ အဲ့ဒီအတွက် ဒီနေ့ပဲ မဲဆန္ဒရှင်တွေ အဆင်ပြေအောင် လေးလုံးထိုး ထော်လာဂျီတွေနဲ့ သယ်ဆောင် ပေးဖို့ ကျနော်တို့ ရပ်ကျေးကော်မရှင်တွေကို အစည်းအဝေးခေါ်ပြီး အခုပဲ ပြင်ဆင်နေပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ရွှေ့ပြောင်းလိုက်ရသည့် မဲရုံ ၅ ရုံမှာ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ထိန်းချုပ် နယ်မြေအတွင်းရှိ မော်မေ့ ကျေးရွာအုပ်စု၊ နောင်အက် ကျေးရွာအုပ်စုနှင့် ကွန်ကျောင်း ကျေးရွာအုပ်စုတို့ ဖြစ်သည်။
ထိုကျေးရွာအုပ်စု ၃ စုတွင် ရွာပေါင်း ၅၀ ခန့်ရှိပြီး မဲပေးနိုင်သည့် လူဦးရေ ၄၃၀၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာအုပ်စု ၃စုကို SSPP ထိန်းချုပ်နယ်မြေ ဖြစ်သဖြင့် ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုင်ကြားခဲ့သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထိုဒေသရှိ မဲရုံ ၅ ရုံကို အစိုးရ ထိန်းချုပ်နယ်မြေ အတွင်းသို့ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးသိန်းဝင်းက “ပြောင်းလိုက်တဲ့ နေရာက အနီးဆုံးက ၄ မိုင်ကနေ ၅ မိုင်ပါ။ အဝေးဆုံးကတော့ ၁၂ မိုင် ရှိပါတယ်”ဟု ပြောသည်။
သွားလာရေး ခက်ခဲသဖြင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က အကူညီပေးရန် ညွှန်ကြားသဖြင့် တရွာလျှင် တောတွင်း သုံး၊ လေးလုံးထိုး ထော်လာဂျီ တစီးစီ သယ်ယူပို့ဆောင်ရေး ကူညီပေးရန်၊ ဆိုင်ကယ်ရှိသူများက ကိုယ်ပိုင် ဆိုင်ကယ်များဖြင့် လာရောက် မဲပေးကြရန် စီစဉ်နေခြင်း ဖြစ်သည်ဟုလည်း ဦးသိန်းဝင်းက ပြောဆိုသည်။
ဦးသိန်းဝင်းက “အကူအညီတွေကို ကျနော်တို့ အရေးတကြီး ပြင်ဆင်နေရပါတယ်။ ကျနော်တို့လည်း ဒီလို မဖြစ်ချင် ပါ ဘူး။ အခုက အခြေအနေ အခက်အခဲများစွာကြောင့် ပါတီချင်း တဦးနဲ့ တဦး ကန့်ကွက်ကြ စာတင်ကြတဲ့ ကိစ္စတွေ ကြောင့်ပါ။ မဲရုံရွှေ့ပြောင်းတယ် ဆိုတာကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ပါ” ဟု ပြော သည်။
မဲရုံ၏ နဂိုမူလနေရာများမှာ SSPP ထိန်းချုပ်နယ်မြေများ ဖြစ်သဖြင့် မဲရုံလုံခြုံရေးအတွက် ရဲ တပ်ဖွဲ့၊ တပ်မတော် တို့မှ လုံခြုံရေးများကို မယူဘဲ ပါတီကိုယ်စားလှယ်များ၊ မဲရုံတာဝန်ကျသူများ၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ခံများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက် စောင့်ကြည့်သူများနှင့် ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
သို့သော် ယခု ပြောင်းရွှေ့လိုက်သည့် နေရာမှာ အစိုးရ၏ ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိသွားသဖြင့် တပ်မတော် နှင့် ရဲ တပ်ဖွဲ့တို့က လုံခြုံရေး တာဝန်ယူသွားမည်ဟုလည်း သိရသည်။
မိုင်းရှုးမြို့နယ်ဒေသခံ ဒေါ်နန်းလောင်ခမ်းက “ကျမတို့တွေက ၂၀၁၅ တုန်းကလည်း တိုက်ပွဲကြောင့် မဲ မပေးခဲ့ရပါဘူး။ အခုလည်း မဲပေးရမယ့် အခွင့်အရေးတွေ မရအောင် NLD က သက်သက်လုပ်တာ။ SNLD ကိုများ မနိုင်နိုင်လု့ိ တမင် လုပ်သလား လို့လည်း ထင်မိတယ်”ဟု ပြောသည်။
NLD မိုင်းရှုးမြို့နယ်မှ တာဝန်ခံတဦးက ထို ကျေးရွာအုပ်စု ၃ စုသို့ သွားရောက် မဲဆွယ်စည်းရုံးရာတွင် SSPP ထိန်းချုပ် နယ်မြေများ ဖြစ်သဖြင့် လွတ်လွတ်လပ်လပ် သွားလာခွင့် မရခြင်း၊ SSPP ခွင့်ပြုချက် မရဟုဆိုကာ စည်းရုံးလိုသည့် ရွာတိုင်းကို ဝင်ခွင့်မရခြင်း၊ လုံခြုံရေးကို တာဝန်မယူဟု ပြောဆိုခံရခြင်းတို့ကြောင့် ကန့်ကွက်စာ တင်ခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။
အဆိုပါ NLD တာဝန်ခံက မိုင်းရှုးမြို့နယ်ရှိ ကျေးရွာများသို့ ရွေးကောက်ပွဲ ကိစ္စရပ်များဖြင့် ထပ်မံ သွားရောက်ရမည် ဖြစ်သဖြင့် အမည်မဖော်ပြပေးရန်လည်း ဧရာဝတီကို ပြောသည်။
ဆက်လက်ပြီး ၎င်းက“မနေ့က မနက် ၁၀နာရီ မော်မဲ့ကျေးရွာကို ဟောပြောဖို့ ရွာသားတွေနဲ့ ချိန်းထားပြီး သွားတော့ ရွာသူရွာသား ၁၀၀ လောက် ဘုန်းကြီးကျောင်းကို တက်လာပါတယ်။ အဲ့ဒီနေရာက ရှမ်း တပ်မတော်စခန်းနဲ့ ကိုက် ၃၀၀ လောက်ပဲ ဝေးပါတယ်။ ကျနော်တို့ ဟောပြောခါနီး သေနတ်သံ ၃ ချက် ကြားတော့ ဒေသခံတွေ မျက်စိမျက်နှာ ငယ်နဲ့ ဖြစ်ကုန်တယ်”ဟုလည်း ပြောပြသည်။
ဖေဖော်ဝါရီလအတွင်းက ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခြင်းကို ကြိုဆိုထောက်ခံကြောင်း၊ မည်သည့် ပါတီမဆို မိမိတို့ နယ်မြေတွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း SSPP က ထုတ်ပြန်ချက် တစောင် ထုတ်ထားသည်။
လက်ရှိတွင် မိုင်းရှုးမြို့နယ်အတွင်း NLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) ၊ ‘ဝ’ လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးရေး ပါတီတို့က ပြည်နယ် မဲဆန္ဒနယ် (၁) (၂) အတွက် အမတ် ၂ နေရာကို ယှဉ်ပြိုင် ရွေးကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် နေရာအတွက်လည်း ဝ ပါတီ မှ အပ ကျန် ၄ ပါတီက ယှဉ်ပြိုင် ရွေးကောက်ခံ ကြမည်ဖြစ်သည်ဟု ဆိုသည်။
မိုင်းရှုးမြို့နယ်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပခါနီးတွင် တပ်မတော်နှင့် SSPP တို့ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ရွေးကောက်ပွဲ ပြုလုပ်ခွင့် ပိတ်ပင်ခံလိုက်ရသည့် မြို့နယ်တခုလည်း ဖြစ်သည်။
မိုင်းရှုးမြို့နယ်တခုလုံးတွင် မဲရုံ ၄၄ ရုံရှိပြီး မဲပေးနိုင်သည့် လူဦးရေ လေးသောင်းကျော် ရှိသည်။
လက်ရှိတွင် စုံစမ်းမှုများအရ ဒေသခံများကြား ထောက်ခံမှု အားကောင်းနေသည်မှာ SNLD ပါတီဖြစ်သည် ဟု သိရ သည်။
NLD ပါတီဝင်များကို မေးမြန်းရာ ၎င်းတို့မှာ SNLD နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး NLD က ရှမ်းပြည်နယ် အတွင်း အနိုင်ရရန် ခက်ခဲသည်ဟုလည်း ဧရာဝတီကို ပြောသည်။