သတင်း

သင်္ကြန်ကာလ ယာဉ်၊ ရထားခများ ဈေးမတက်ရန် ညွှန်ကြား

၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း မော်တော်ယာဉ်များနှင့် ရထား စီးခ နှုန်းထားများကို ဈေးနှုန်းမြှင့်တင်ခြင်း မပြုလုပ်ရန်  ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့နှင့် မြန်မာ့မီးရထားမှ သိရသည်။

မြန်မာ့ မီးရထားအနေဖြင့် ဧပြီလဆန်းမှ သင်္ကြန်မကျမီအထိ အများပြည်သူနှင့် ဝန်ထမ်းများ အလွယ်တကူ သွားလာနိုင် ရန် ခရီးဝေးပြေးဆွဲမည့် သင်္ကြန် အထူးရထားများကို သင်္ကြန်မတိုင်မီ ၁၀ စင်း နှင့် သင်္ကြန်ပြီး ကာလများတွင် ၉ စင်း ထပ်မံ တိုးချဲ့ ပြေးဆွဲရန် ထည့်သွင်းထားပြီး ဈေးနှုန်းပြောင်းလဲခြင်း မရှိဘဲ မူလနှုန်းထားအတိုင်း ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားရုံးချုပ်မှ အထွေထွေ မန်နေဂျာ (စီးပွားရေး) ဦးအောင်မြင့်လှိုင်က ပြောသည်။

ဦးအောင်မြင့်လှိုင်က “လက်ရှိ သတ်မှတ်ထားတဲ့ နှုန်းအတိုင်းပဲ ရောင်းပါမယ်။ ဝန်ထမ်းမသမာမှုရှိရင် အရေးယူပါမယ်။ ထိရောက်တဲ့ ပြစ်ဒဏ် ပေးသွားပါမယ်။ ဒါ မီးရထားပြေးတဲ့ ကာလတစ်လျှောက်လုံး ကျင့်ကြံတာ ဖြစ်ပေမယ့် သင်္ကြန်တွင်း ကိုတော့ အထူး အာရုံစိုက်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်- မန္တလေး လမ်းကြောင်း၌ အစုန်/အဆန် ၆ စင်း၊ စာပို့ အစုန်/အဆန် ၂ စင်း စုစုပေါင်း ၈ စင်း ပြေးဆွဲ နေပြီး ရန်ကုန်- နေပြည်တော် လမ်းကြောင်း၌လည်း အမြန်ရထားအစုန်/ အဆန် ၄ စင်းဖြင့် ပုံမှန်ပြေးဆွဲလျက် ရှိသည်။

ရန်ကုန်-မန္တလေး ရိုးရိုးတန်း လက်မှတ် ဈေးနှုန်းမှာ ၄၆၅၀ ကျပ်ဖြစ်ပြီး ၁ ရက် ကြိုရောင်းပေးကာ အထက်တန်းမှာ ၉၃၀၀ ကျပ် ဖြစ်ပြီး ၃ ရက် ကြို၍ ရောင်းချပေးကြောင်း၊ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးချိန်များအတွက် ရထားများ တိုးချဲ့ ပြေးဆွဲ မည်ဖြစ်သော်လည်း သင်္ကြန်ကာလအတွင်း ခရီးသွားလာမှု နည်းပါးသဖြင့် အစီးရေ လျှော့ချ ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က “YBS ရော အဝေးပြေး ယာဉ်လိုင်းတွေရော ဈေးတက်လို့မရပါဘူး။ အဝေးပြေးခရီးသည်တွေ အဆင်ပြေဖို့ ယာဉ်လိုင်းတွေ ထည့်သွင်း ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ဒဂုံဧရာ ဘက်ကိုတော့ ဆရာတို့ အစီအစဉ်နဲ့ လုပ်ဖို့ရှိတယ်။ ဒဂုံဧရာကျတော့ ပြန်တဲ့ ခရီးသည်က များတယ်လေ”ဟု ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများ အနေဖြင့်လည်း ခရီးသည်များ အခက်အခဲ အဖြစ်စေရေး အတွက် သင်္ကြန်ကာလ အတွင်း ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်းလည်း ဒေါက်တာ မောင်အောင်က ပြောဆိုသည်။

“ယာဉ်လိုင်းတိုင်း အားလုံးပြေးမှာ။ ယာဉ်လိုင်းအားလုံး ထွက်ရမှာ။ ရှိတဲ့ ကားရဲ့ ၂၀ ရာခိုင်နှုန်း အနည်းဆုံး ထွက်ရမှာပါ။ အစီးရေ ၁၅၀၀ နဲ့ ၂၀၀၀ ကြားမှာ ထွက်မှာပါ။ တဝက်နီးပါးတော့ ထွက်မှာပါ”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု အစိုးရက သင်္ကြန် ပိတ်ရက်ကို ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက် ပြောင်းလဲ သတ်မှတ်ကြောင်း မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Loading