သတင်း

မောင်တောတွင် မွတ်စလင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု ရဲစခန်း အမှုဖွင့်ပေး

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ ကျားခေါင်းတောင် ကျေးရွာရှိ မွတ်စလင် အမျိုးသမီး ၃ ဦးက ယင်းဒေသတွင် နယ်မြေ လုံ ခြုံရေး ဆောင်ရွက်ခဲ့သည့် တပ်မတော်မှ တပ်ဖွဲ့ဝင်တချို့၏ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု စွပ်စွဲချက်ကို ငါးခူရ နယ်မြေရဲစခန်းက မတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် အမှုဖွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။

မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက သတင်းမီဒီယာ အဖွဲ့တဖွဲ့သည် မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာသို့ ရောက်ရှိစဉ်  လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော်က အမျိုးသမီးများကို အကြမ်းဖက်သည့် သတင်းများ ပျံ့နှံ့နေ၍ အဓမ္မ ပြုကျင့်ခြင်းများ ရှိပါသလားဟု ဧရာဝတီက မေးမြန်းခဲ့ရာ အသက် ၆၀ ခန့် မွတ်စလင် အမျိုးသမီးတဦးက ၎င်း၏ သမီး ၂ ယောက် စလုံး  အဓမ္မပြုခြင်း ခံခဲ့ရကြောင်း ထွက်ဆိုသည်။

ထို့ကြောင့် အဓမ္မ ပြုကျင့်ခံရသူ သမီး ၂ ဦးကို လိုက်လံကြည့်ရှုခဲ့ရာ အသက် ၁၆ နှစ်အရွယ် ဖာတောမာခါတုံနှင့် အသက် ၂၀ အရွယ် မော်ရီယာခါတုံတို့က ၎င်းတို့ ၂ ဦးစလုံးသည် လွန်ခဲ့သည့် ၂ လခန့်က တပ်မတော်သားတချို့၏ အဓမ္မပြုကျင့်ခြင်း ခံခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။

“ရိုက်တယ်၊ နှိပ်စက်တယ်။ ကျမတို့ကို မုဒိမ်းကျင့်တယ်”ဟု အသက် ၁၆ နှစ်အရွယ် ဖာတောမာခါတုံက စကားပြန်မှ တဆင့် ပြောသည်။

ယင်းနေ့က ရွာတွင် ယောကျာ်းသားများ မရှိကြောင်း၊ ၎င်းအပါအဝင် အမျိုးသမီး ၃ ဦးကို တပ်မတော်သား ၄၊ ၅ ဦးက လူမရှိသည့် အိမ်တလုံးသို့ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ပြုကျင့်ခံရပြီးနောက်တွင် ဆေးခန်းသို့ သွား၍ ဆေးကုခံခဲ့ရသည်ဟု ယင်းညီအစ်မ ၂ ဦး စလုံးက ပြောပြသည်။

အဓမ္မပြုကျင့်ခံရချိန်တွင် အသက် ၂၀ အရွယ် မော်ရီယာခါတုံမှာ ကိုယ်ဝန်ဆောင်ရှိနေသဖြင့်  ကိုယ်ဝန်ဆောင်ထားသည်ဟုလည်း ပြောဆိုခဲ့ကြောင်း  သတင်းထောက်များကို ပြောသည်။

“သူတို့က သူတို့ ဆန္ဒပြည့်ဝရင် ပြန်လွှတ်ပေးပါတယ်” ဟုလည်း ဖာတောမာခါတုံက ပြောသည်။

ဧရာဝတီကလည်း ယင်းထွက်ဆိုချက် အားလုံးကို ရုပ်သံမှတ်တမ်းတင်ခဲ့ပြီး ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ တိုင်ကြားခြင်း ရှိပါသလားဟု မေးမြန်းသည့်အခါ ကြောက်၍ မတိုင်ကြားရဲကြောင်း၊ တပ်မတော်ဟု သိရခြင်းမှာ ပခုံး၌ ဘက်တံဆိပ်ပါပြီး ဝတ်စုံမှာ သစ်ရွက်အရောင်ဟု ၎င်းတို့က မီဒီယာများသို့ ပြောသည်။

ယင်းအမျိုးသမီး ၂ ဦးနှင့် အသက် ၃၀ အရွယ် ရောဂျီယာခါဘေဂေါလ်တို့က ၎င်းတို့ ၃ ဦးကို တပ်မတော်သားတချို့က အဓမ္မပြုကျင့် ခဲ့သည်ဟု ကျားခေါင်းတောင် ခေတ္တအုပ်ချုပ်ရေးမှူး ဆွေတာမိန်နှင့် ယင်းကျေးရွာ တာဝန်ခံ ရှောမ်ရှအလေမ်တို့၏ ရှေ့တွင် ထွက်ဆို ခဲ့ကြသည်။

ထိုသို့ ထွက်ဆိုစဉ် မီဒီယာအဖွဲ့ကို ဦးဆောင်လာသည့် ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရဲနိုင်က မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ဆီသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ရာ ဦးရဲထွဋ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ယင်းကိစ္စကို စုံစမ်းရန် ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မောင်တောဒေသတွင် လက်ရှိအထိ လူသတ်မှု အဓမ္မပြုကျင့်မှုအပါအဝင် စွပ်စွဲချက် စုစုပေါင်း ၁၈ မှုရှိကြောင်း၊ ဦးရှည်ကျားကျေးရွာတွင် တိုင်ကြားခဲ့သည့် အဓမ္မပြုကျင့်မှု ၂ ခုတွင်လည်း မြို့နယ်အဆင့် မှုခင်းဆေးဆရာဝန်မှတ်ချက်အရ အဓမ္မမှုဖြစ်သည်ဟု အထောက်အ ထား မတွေ့ရကြောင်း မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် သူရစန်းလွင်က မတ်လ ၃၁ ရက်နေ့ နံနက်တွင်မီဒီယာများ သို့ ပြောသည်။

” လိမ်လည်တိုင်ကြားရင် အခွင့်အရေး၊  အထောက်အပံ့ရမယ်ဆိုလို့ လိမ်လည်ထွက်ဆိုတဲ့ ဖြစ်စဉ်တွေက များပါတယ်” ၎င်းက ပြောသည်။

ထို့အပြင် နောက်ဆုံးအမှုဖြစ်သည့် ကျားခေါင်းတောင် ကျေးရွာမှ အမျိုးသမီး ၃ ဦးတွင် ၂ ဦးကို မတ်လ ၃၀ရက်နေ့ ညနေ ၆နာရီခွဲက ငါးခူရ ရဲစခန်းတွင်အမှုဖွင့်ပေးလိုက်ပြီး အိမ်ပြန်ပို့ပေးလိုက်ပြီ ဖြစ်ကြောင်း၊ ကျန်းမာရေး မကောင်းသူ အမျိုးသမီးကိုလည်း ယနေ့ တွင် ကျေးရွာအရောက်သွားရောက်ကာ အမှုဖွင့်ပေးရန် စီစဉ်လျက်ရှိကြောင်း ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

မောင်တောမြို့နယ် ပြောင်ပိုက်နှင့် ကြက်ရိုးပြင် ကျေးရွာတို့တွင်လည်း အဓမ္မပြုကျင့်ခံရသည်ဟု ဆိုကာ မီဒီယာများနှင့် နိုင်ငံတကာ အဖွဲ့များကို ပြောဆိုမှုများ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ပေးရန် သွားရောက်သည့်အခါ ရှောင်တိမ်းသွားသည့် ဖြစ်စဉ်များ ရှိနေကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က မီဒီယာများသို့ ပြောသည်။

“ကျားခေါင်းတောင် ကျေးရွာမှာ အမျိုးသမီးတချို့က မုဒိမ်းကျင့်ခံရတယ်လို့ ကာယကံရှင်တွေကိုယ်တိုင် မီဒီယာတွေကို ထွက်ဆိုခဲ့တယ်။ အမှန်တကယ် နစ်နာတယ်ဆိုရင်တော့ ဥပဒေကြောင်းအရ ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။ ကျူးလွန်တဲ့သူကိုလည်း ဥပဒေကြောင်းအရ အရေးယူမယ်”ဟု ဦးရဲထွဋ်က ပြောသည်။

ထိုအမျိုးသမီးများ၏ လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးမည်ဟု ပြောဆိုပြီး မီဒီယာများသို့ ဖွင့်ဟပြောဆိုချက်များ အပေါ်တွင်မူ အမျိုး သမီးများ အနေဖြင့် တာဝန်ယူရလိမ့်မည်ဟုလည်း ဦးရဲထွဋ်က သတိပေးသည်။

ပြန်ကြားရေး ဝန်ကြီးဌာနမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင်ကလည်း “နောက်ဆုံးသိရတာက ရွာအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်တဲ့ အမျိုးသမီး ၂ ဦးနဲ့ အဖော်တွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ခေါ်ယူပြီး ငါးခူးရ ရဲစခန်းမှာ အမှုဖွင့်ပေးလိုက်ပါပြီ။ သူတို့ဘက်က အမှုမဖွင့်ချင်ဘူးလို့ ငြင်းပေမယ့် ဒီကိစ္စက စုံစမ်းဖော်ထုတ်မှရမှာ ဖြစ်လို့ အမှုဖွင့်ပေးလိုက်တာပါ”ဟု ဧရာဝတီသို့ ယမန်နေ့ ညပိုင်းက ပြောဆိုခဲ့သည်။

Loading