သတင်း

ချောင်းဆုံ မဲဆန္ဒနယ်တွင် ကြိုတင်မဲ ၁၀၀ ကျော်ပေးပြီး

မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒနယ်သည် မဲပေးပိုင်ခွင့် ရှိသူပေါင်း ၁၂၆၂၂၅ ဦး ရှိသည့် အနက် လက်ရှိတွင် ပုံစံ ၁၅ ဖြင့် ရရှိ ထားသည့် အဝေးရောက် ကြိုတင်မဲပေါင်း ၁၁၁ ဦး ရရှိ ထားပြီ ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီ က မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် ဧရာဝတီ သို့ ပြောသည်။

ပုံစံ ၁၅ ဖြင့် ဖြည့်စွက်ရသည့် အဝေးရောက် ကြိုတင်မဲ ဆိုသည်မှာ နိုင်ငံရပ်ခြားတွင် ရောက်နေသည့် မဲဆန္ဒရှင်နှင့် မြို့နယ် ပြင်ပတွင် ရောက်ရှိနေသည့် မဲဆန္ဒရှင်များအတွက် ကြိုတင် ကောက်ယူသည့် မဲ ဖြစ်သည်။

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ပုံစံ ၁၅ ဖြင့် ကြိုတင်မဲ ထည့်ရန် စာရင်း ပေးထားသူပေါင်း ၁၁၆ ဦး ရှိကာ ၂ ဦးမှာ အသက် မပြည့်သည့် အတွက် ပယ်ဖျက် ခဲ့ကြောင်း သိရသည်။

မဲဆန္ဒနယ် ပြင်ပ နိုင်ငံတွင်းမှ ပုံစံ ၁၅ ဖြင့် ကြိုတင်မဲ စုစုပေါင်း ၁၁၀ နှင့် နိုင်ငံခြားမှ ၁ ဦး ရရှိထားကြောင်း ဦးထွန်းရီက ပြော သည်။

ထို့အပြင် ရပ်/ကျေး အသီးသီးမှ ကောက်ယူ ရရှိထားသည့် ကြိုတင်မဲ စုစုပေါင်းမှာ မတ်လ ၃၀ ရက်နေ့ အထိ စာရင်း အရ ၂၂၈၄ ဦး ရရှိထားပြီ ဖြစ်ကြောင်း ချောင်းဆုံ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက ဆက်လက် ရှင်းပြ သည်။

“ကြိုတင်မဲ လာထည့်တဲ့ လူတွေ အများစုက အသက်ကြီးပြီး မလှုပ်ရှားနိုင်တဲ့ လူတွေများတယ်၊ မသွားလာနိုင်တဲ့ ရောဂါ သည် တွေ ၊ စတာတွေ များတယ်၊ တဦး တယောက် ပုဂ္ဂလိက အနေနဲ့ ကြိုတင်မဲ ထည့်ချင်တယ် ဆိုရင်တော့ ကျနော် တို့ က ထောက်ခံချက် မယူဘဲ ခွင့်ပြုတယ်၊ အစုအဖွဲ့နဲ့လိုမျိုး ဥပမာ ခရီးသွားချင်လို့ ကြိုတင်မဲ လာထည့်ရင်တော့ ကား လက် မှတ် ရထားလက်မှတ် စတာတွေ တောင်းတယ်”ဟုလည်း ဦးထွန်းရီက ဆက်လက် ရှင်းပြသည်။

ချောင်းဆုံမြို့နယ် မုဒွန်း ကျေးရွာတွင် မဲရုံ ၂ ရုံရှိကာ မဲပေးနိုင်သူပေါင်း ၆၀၀၁ ဦး ရှိကြောင်းလည်း သိရသည်။

မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ မဲရုံ ပိတ်ချိန်အထိ ကြိုတင်မဲ ပေးပြီးသူပေါင်း ၁၂၇ ဦး ရှိပြီ ဖြစ်ကြောင်း ကော်မရှင် ရုံး တာဝန်ရှိသူ များက ရှင်းပြသည်။

ထို့အပြင် ဆေးတံ ထုတ်လုပ်သော ကျေးရွာ ဖြစ်သည့် ရွာလွတ် ကျေးရွာတွင် မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ အထိ ကြိုတင်မဲ ၁၆၆ ဦး ရရှိထားပြီ ဖြစ်ကြောင်း ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း ဧရာဝတီသို့ ပြောကြား သည်။

ရွာလွတ်ကျေးရွာတွင် မဲဆန္ဒ ရှင်ပေါင်း ၆၀၄၉ ဦး ရှိပြီး မဲရုံပေါင်း ၃ ရုံ ရှိကြောင်း သိရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်းဌေးကြွှယ်သည် နိုင်ငံတော် အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ဝင် အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင် လိုက်သဖြင့် လစ်လပ် သွားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပခြင်း ဖြစ်သည်။

ယင်း ချောင်းဆုံ မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး ပါတီ၊ မွန် အမျိုးသား ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ စသည့် နိုင်ငံရေး ပါတီ ၅ ခု မှ ကိုယ်စားလှယ်လောင်း ၅ ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည်။

Loading