အစိုးရက ရခိုင်ပြည်နယ် မောင်တောဒေသတွင် မြန်မာနိုင်ငံသားအဖြစ် စိစစ်နိုင်ရန် ထုတ်ပေးလျက်ရှိသည် National Verification Card (NVC) ကတ် ကိုင်ဆောင်ရုံနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသဖြင့် ယင်းကတ်ကို ဘင်္ဂလီများက လျို့ဝှက်စွာ ထုတ်ယူနေရကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က မီဒီယာများသို့ ပြောသည်။
ရဲမှူးချုပ် သူရစန်းလွင်က “တချို့က ဒီကတ်ကို လျို့ဝှက်ပြီး ယူကြရတယ်။ ဒီကတ်ကို လုပ်မယ်ဆိုရင် သတ်မယ်ဆိုတဲ့ အဆင့်အထိ ဖြစ် လို့ ကိုယ့်ရွာမှာကို မနေရဲဘဲနဲ့ ရှောင်နေကြရတယ်”ဟု မတ်လ ၃၁ ရက်နေ့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် မီဒီယာများကို ပြောသည်။
ထိုသို့ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခြင်းကို ဘင်္ဂလီ အကြမ်းဖက် ဦးဆောင်သူတစုမှ ချုပ်ကိုင်၍ ပြောဆိုနေခြင်းဖြစ်ပြီး NVC ကတ် ရရှိ ပြီးနောက် ပန်းရောင် နိုင်ငံသားကတ်ကိုပင် ခိုးဝှက်၍ လက်ခံနေကြရကြောင်း၊ နားလည်သူ ဘင်္ဂလီများက ပန်းရောင်ကတ် ရရှိပါက နိုင်ငံသား အခွင့်အရေး ရမည်ဆိုသည်ကို သိရှိကြောင်း ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။
“NV ကတ်နဲ့ ပတ်သက်လို့ ကိုင်တဲ့သူတွေသည် ဘယ်လိုမှ အကြမ်းဖက်ကို ပံ့ပိုးတဲ့သူတွေ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ဌာနဆိုင်ရာတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကူညီနေတဲ့ အဖွဲ့တွေ၊ ဒါမှမဟုတ်ရင်လည်း ရိုးရိုးသားသား စီးပွားရှာတဲ့အခါမှာ လွယ်ကူစွာ သွားလာလို့ရမယ်။ နောက်ဆုံး သူတို့ ဆော်ဒီကို ဘုရားဖူး သွားတာကအစ ရမယ်။ ဆေးကုတာကအစ သူတို့ရမယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ မောင်တောခရိုင် ဘူးသီးတောင်၊ မောင်တော၊ တောင်ပြိုလက်ဝဲ ဘင်္ဂလီ စုစုပေါင်း ၇၄၆၀၀၀ ကျော်နှင့် တိုင်းရင်းသားက ၇ သောင်း ကျော်ရှိရာ NVC ကတ် ကိုင်ဆောင်လိုသူ ဘင်္ဂလီများကို ကတ်ထုတ်ပေးလျက်ရှိရာ ကတ်ထုတ်ယူသူ ၄၆၀၀ ကျော်သာ ရှိသည်ဟု မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေး အရာရှိ ဦးသန်းရွှေက ပြောသည်။
“ကျေးရွာအလိုက် နကဖ ၁ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေး ဌာနခွဲ ၄ က ဝန်ထမ်းတွေကို ကျေးရွာ အုပ်စုအလိုက် ကျေးရွာ အလိုက် စခန်းအလိုက် နယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်ပြီး ထုတ်ပေးလျက်ရှိပါတယ်”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်ကလည်း ၁၉၉၂ ခုနှစ်တွင် ၃ ခေါက်ချိုးကတ် ကိုင်ဆောင်သူများကို အစိုးရက ပြန်လည် သိမ်းယူခဲ့ပြီး White Card များ ထုတ်ပေးခဲ့ကြောင်း၊ ယခုအခါတွင် White Card များ သိမ်းယူ၍ ယခင် ၃ ခေါက်ချိုးကတ် လက်ဝယ်ရှိသူများကို NVC ကတ်များ ထုတ်ပေးခြင်း၊ နိုင်ငံသားကတ်များ ထုတ်ပေးခြင်းများပင် ရှိကြောင်း မီဒီယာများသို့ ယနေ့ နံနက်ပိုင်းက ပြောသည်။
“အခု NVC ကတ် သွားလုပ်ပေးရင်ကို ရွာထဲကို အဝင်မခံတာမျိုးတွေ ကြုံရတယ်။ သူတို့ဘက်မှာလည်း ၃ ခေါက်ချိုးကတ် ကိုင်ခဲ့ရဲ့သားနဲ့ ဘာကြောင့် NVC ကတ် ကိုင်ရမလဲဆိုတဲ့ အကြောင်းပြချက်မျိုးလည်း ရှိတာပေါ့။ လိုချင်တဲ့သူတွေမှာလည်း ကတ်ယူရင် တဖက်ဖိအား ကြောင့် ထွက်ပြေးရမယ့် အနေအထားမျိုးတွေ ရှိနေတယ်”ဟု ဦးမင်းအောင်က ပြောသည်။
မီဒီယာအဖွဲ့နှင့် တွေ့ဆုံခဲ့သည် မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာမှ ဘင်္ဂလီတဦးဖြစ်သူ ကော်လိဗ်က ၎င်းတို့သည် ယခုမြေတွင် မွေးဖွားကြီးပြင်းခဲ့သူများ ဖြစ်၍ NVC ကတ်တွင် ဘင်္ဂလီဟု ရေးသားခြင်းကို လက်မခံကြောင်း၊ ထိုသို့ ရေးသား၍ ကတ်ကို လက်မခံခြင်း ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့က ဒီမြေမှာ မွေးတယ်။ ဒီမှာ ကြီးတယ်။ NVC ကတ် ထုတ်ပေးတော့ ဘင်္ဂလီလို့ ရေးတယ်။ ကျနော်တို့က ဘင်္ဂလားက လာတဲ့သူတွေ မဟုတ်ပါဘူး။ ဒီမှာပဲ မွေးတာပါ။ ဘင်္ဂလီလို့ ရေးရင် NVC ကတ်ကို လက်မခံနိုင်ပါဘူး။ ကျနော်တို့နာမည်က ရိုဟင်ဂျာပါ”ဟု ပြောသည်။
၎င်းနေထိုင်သည့် ရွာတွင် နယ်ခြားစောင့်တပ်စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရသည့့် အောက်တိုဘာလ ၉ ရက်နေ့နောက်ပိုင်းတွင် လူ ၁၂ ဦးခန့် မသကာၤမှုဖြင့် အဖမ်းခံရပြီး ၄ ဦးမှာ ပြန်လည် လွတ်မြောက်ခဲ့သည်ဟု သိရသည်။
“ကျနော်တို့က မြန်မာနိုင်ငံသားပဲ။ ရိုဟင်ဂျာပဲ လုပ်ချင်ပေမယ့် ဒီလိုမျိုး အကြမ်းဖက်တာကို လက်မခံပါဘူး။ ရိုဟင်ဂျာ နိုင်ငံလည်း မလုပ် ချင်ပါဘူး။ ရိုဟင်ဂျာဆိုတဲ့ ကိုယ့်နာမည်ကို ခေါ်တာနဲ့ ကျနော်တို့ အပြစ်ဖြစ်နေတာပေါ့”ဟု ကော်လိဗ်က ပြောသည်။
အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်းတွင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တာဝန်ခံများတွင် NVC ကတ် ကိုင်ဆောင် ထားမှ သာလျှင် ဆက်လက်ခန့်ထားခဲ့ပြီး ကတ်မရှိသူများကို ရာထူးတာဝန်များမှ အစိုးရက ဖယ်ရှားခဲ့ပြီး ဖြစ်သည်။