“မနက် ၆ နာရီ ရှိပြီ ဖြစ်တဲ့ အတွက်ကြောင့် မဲရုံ စတင် ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါသည်ရှင်” ဟု ကွမ်ရိုက်ကျေးရွာ အုပ်စု မဲရုံအမှတ် ၁ တာဝန်ကျ မဲရုံဝန်ထမ်းမှ ကြေငြာအပြီး မဲပေးရန် စောင့်ဆိုင်းနေသူများက လက်ခုပ်သံများ ချီးမြှင့် ခဲ့သည်။
ထို့နောက် အတန်းလိုက် ၃ ယောက် တတန်းကျ မဲရုံ တည်ရှိသည့် ကျောင်းဝင်း အတွင်းသို့ ဝင်ရောက်ကာ မဲပေးကြသည်။
ကွက်ရိုက် ကျေးရွာ အုပ်စုတွင်းရှိ မဲရုံ အမှတ် (၁) သည် ချောင်းဆုံမြို့နယ်အတွင်းရှိ မဲရုံများ အနက် မဲပေးနိုင်သည့် မဲဆန္ဒရှင်အများဆုံး ရှိသည့် မဲရုံတခု ဖြစ်ကာ မဲဆန္ဒရှင် ၆၂၆၂ ဦးရှိသည်။
ချောင်းဆုံ မဲဆန္ဒနယ်သည် မတ်လ ၃၁ ရက်နေ့ ကျေးရွာ အုပ်စု အလိုက် ရရှိထားသည့် အတည်ပြုနိုင်သည့် ကြိုတင်မဲ စာရင်း အရ ကြိုတင်မဲပေါင်း ၄၄၄၄ ရရှိထားသည့် အနက် ကွမ်ရိုက် ကျေးရွာသည် အခြား ကျေးရွာ အုပ်စုများထက် ကြိုတင်မဲ အများဆုံး ရရှိထားသည့် နေရာဖြစ်သည်။
သို့သော်လည်း မဲရုံ စဖွင့်သည့် အချိန် နံနက် ၆ နာရီတွင် မဲပေးရန် လာရောက် စောင့်ဆိုင်း နေသူမှာ ၅၀ ခန့်သာ ရှိပြီး အများစုမှာ မဲရုံ ဖွင့်ပြီးမှ တဖွဲဖွဲ လာရောက် နေကြပြီး လူစုလူဝေး ဖြစ်ခြင်း မရှိပေ။
ယနေ့မဲပေးသည့် အချိန်အထိ ကွမ်ရိုက် မဲရုံအား နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ လာရောက် လေ့လာခြင်း မရှိသေးပဲ နိုင်ငံရေး ပါတီမှ ရွေးကောက်ပွဲ လေ့လာသူများသာ လေ့လာ စောင့်ကြည့် နေကြကြောင်း ကွမ်ရိုက် မဲရုံ အမှတ် (၁) မှ ဒုမဲရုံမှူးက ဧရာဝတီသို့ ရှင်းပြသည်။
ဤကြားဖြတ် ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲထက် ပို၍ မဲပေး အဆင်ပြေကြကြောင်း ကွမ်ရိုက် ကျေးရွာ အုပ်စု မဲရုံ အမှတ် (၁) တွင် မဲလာရောက် ပေးသူများက ဧရာဝတီသို့ ပြောကြားသည်။
ထို့ပြင် ဆေးတံထုတ်လုပ်ရာ ရွာဟု လူသိများ ထင်ရှားသည့် ရွာလွတ်ကျေးရွာရှိ မဲရုံ အမှတ် (၁) တွင်လည်း မဲပေးမည့် သူများ နံနက် ၇ နာရီခွဲ ခန့်မှ စ၍ တဖွဲဖွဲရောက်လာ နေကြဆဲ ဖြစ်ကာ လူပြည့်ကျပ်သည့် အနေအထားမျိုး မရှိပေ။
“အများစုက မဲကို မှန်မှန်ကန်ကန် ဘယ်လို ပေးရမလဲ ဆိုတာ မသိကြဘူး၊ ကျမရှေ့မှာ ပေးသွားတဲ့လူ သုံးလေးယောက် လောက်ကို မေးကြည့်တော့ အကွက် ၅ ကွက်မှာ အားလုံး တံဆိပ်တုံး ထုလိုက်ကြတယ်လို့ ပြောတယ်၊ အဲလို မဲပေးဖို့ နည်းလမ်းတွေ မသိရှိ ကြတော့ မဲလာပေးကြပေမယ့် ပယ်မဲ ဖြစ်မှာ စိုးရိမ်တယ်” ဟု N-Peace Award ဆုရရှိ ထားသူ ၊ မွန်အမျိုးသမီး အဖွဲ့ခေါင်းဆောင် ရွာလွတ် ရွာသူ မိကွန်ချမ်းနွန်က မဲပေးအပြီးတွင် ဧရာဝတီ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။
နံနက် ၆ နာရီ မဲရုံ စဖွင့်ချိန်မှ စ၍နေ့လည် ၁၁ နာရီ အထိ ကျေးရွာ ကွမ်ရိုက်၊ ရွာလွတ် ၊ ကမာမို ၊ ဒေါင်းဥ ၊ တောင်းစွန်း ၊ မုဒွန်း စသည့် ကျေးရွာ များသို့ ဧရာဝတီမှ မဲပေးမှု အခြေအနေများကို သွားရောက်လေ့လာ ခဲ့ရာ မဲပေးသည့်သူ နည်းပါး နေသည်ကို တွေ့ရှိ ခဲ့ရသည်။
ကညှော်ကျေးရွာတွင် မနက် ၁၁ နာရီ အထိ မဲလာပေး ပြီးသူပေါင်း ၄၀၀ ကျော်ခန့်သာ ရှိသေးကြောင်း ရွာသား တဦးမှ ဧရာဝတီသို့ အတည်ပြု ပြောကြား ခဲ့သည်။
ကျေးရွာ အုပ်စုများရှိ မဲဆန္ဒရှင် များသည် မဲရုံ ဖွင့်လှစ်ပြီး နောက်ပိုင်းမှသာ တဖွဲဖွဲ လာရောက် မဲထည့် နေကြပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲထက် လူထု စိတ်ဝင်စားမှု နည်းပါးကြောင်း မုဒွန်းရွာတွင် လာရောက်၍ မဲထည့်သည့် ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက မဲထည့် အပြီးတွင် ဧရာဝတီ၏ မေးမြန်းချက်ကို ဖြေကြား ခဲ့သည်။
“ဒီဒေသ အတွက် ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်း တဦးကို ကနေ့ ရွေးကောက်ပွဲ ကနေ ရွေးချယ် ရမှာ ဖြစ်ပါတယ်၊ ကျနော်တို့ သုံးသပ် ရတဲ့ အနေအထား အရ ဒီမနက် အထိဟာ မဲပေးတဲ့လူ အင်မတန် နည်းပါးတယ်။ ဒါကြောင့် မဲပေးပိုင်ခွင့် ရှိတဲ့လူတိုင်း မဲပေးဖို့ သင့်တယ်လို့ ကျနော် တိုက်တွန်းပါတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောကြား ခဲ့သည်။
လတ်တလော ဧရာဝတီမှ စုံစမ်း သိရှိ ထားရသည့် မြေပြင် သတင်းများအရ တောင်စွန်းကျေးရွာ တခုတည်းတွင်သာ မဲအငြင်းပွားမှု အနည်းငယ် ဖြစ်ပွားခဲ့သည်။
“မဲပေးတဲ့လူက မဲပေးတဲ့ လုပ်ငန်းစဉ်၊ လုပ်ဆောင်ချက်ကို တိတိကျကျ မသိထားတော့ စလစ်စာရွက်ကို မဲစာရင်း စာရွက် အမှတ် အဖြစ်နဲ့ မဲစာရင်း စာရွက်လည်း မထုတ်ရသေးဘူး၊ မဲလည်း မပေးရသေးပဲနဲ့ လက်သန်းမှာ မှင်သွားတို့ လိုက်တော့ အဲဒီမှာ မဲပေးတာ ပြီးပြီလို့ယူဆစရာ ဖြစ်သွားလို့ အဲဒီ ကိစ္စအတွက် မဲပြန်ပေးလို့ မရတော့ဘူး ဆိုပြီး ပြောလိုက်တော့ အဲဒါ နည်းနည်း အငြင်းပွားမှု ဖြစ်ပွား ခဲ့တာ” ဟု ကိုမင်းမင်းလတ်က ဧရာဝတီသို့ ရှင်းပြသည်။
အငြင်းပွား မှုကြောင့် မဲရုံအတွင်း ဆိုးဆိုးရွားရွား မဖြစ်ခဲ့သော်လည်း မဲလာပေးသည့် မဲဆန္ဒရှင် များမှ မဲရုံ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်ခဲ့ကြကြောင်း တောင်စွန်းကျေးရွာ မဲဆန္ဒနယ်မှ မဲလာ ထည့်သည့် ဒေါ်လဲ့လဲ့မော်က ပြောသည်။
မဲရုံ (၃) ရုံအား အခြေအနေ သွားရောက် လေ့လာ ပြီးနောက် အခြေအနေ ကောင်းကြောင်း ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းက ဧရာဝတီ သတင်းဌာနနှင့် ရွာလွတ်ကျေးရွာ မဲရုံ၌ တွေ့စုံစဉ် ပြောကြား သွားခဲ့သည်။
မွန်အမျိုးသား ပါတီမှ လေ့လာသူ များကလည်း ၎င်းတို့သည် အခြေအနေ အတန်အသင့်ကောင်းကာ အားရ ကျေနပ် ကြောင်းနှင့် အဓိက ပြိုင်ဘက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဖြစ်သည်ဟု သုံးသပ်ကြောင်း ဧရာဝတီအား ပြောကြား ခဲ့သည်။
နံနက် ၁၁ နာရီ အထိ မိမိတို့ စုဆောင် ရရှိ ထားသော မြေပြင် သတင်းအရ သက်ကြီးရွယ်အိုများ မဲပေးရာတွင် အိမ်ထောင်စု စာရင်းဝင် မိသားစုဝင်များ ပါဝင်ကူညီခွင့်၌ အချို့မဲရုံများတွင် ကန့်သတ် ခံရခြင်း၊ အိမ်ထောင်စု စာရင်းတွင် ပါဝင် သော်လည်း မဲစာရင်းတွင် နာမည် မပါခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရသည်ဟု မှတ်တမ်းတင်နိုင်ကြောင်း ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ချောင်းဆုံမြို့နယ် အတွင်းရေးမှူးလည်းဖြစ် ၊ လက်ရှိ မွန်ပြည်နယ် လွှတ်တော်၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ကိုအောင်နိုင်ဦးက ရှင်းပြသည်။
လက်ရှိ မဲလာပေးမှု အခြေအနေများအရ ချောင်းဆုံ မဲဆန္ဒနယ်၏ ရလာဒ် ဖြစ်နိုင်ခြေများကို ညနေ ၄ နာရီ ခန့်တွင် ခန့်မှန်း နိုင်မည် ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောကြားသည်။