ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း မြို့နယ် ၄ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပါတီ ၈ ခုအနက် SNLD က ပြည်သူလူထု အကြား ပိုမိုအားကောင်းနေတယ်လု့ိ စုံစမ်းသိရှိရပါတယ်။
မိုင်းရှုးမြို့နယ်၊ NLD ပါတီဝင် တဦးက “ မိုင်းရှုးမှာတော့ SNLD ကို ကျနော်တို့ နိုင်ဖို့ မသေချာပါဘူး။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ SSPP ထိန်းချုယ်နယ်မြေထဲက ရွာတချို့ကို သွားမဲဆွယ်လို့ မရတာတွေ ရှိခဲ့တယ်။ ကျနော်တို့ အခက်အခဲကြုံရတာတွေ ရှိခဲ့လို့ပါ”လို့ ဆိုပါတယ်။
ကျိုင်းတုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်တို့မှာတော့ SNLD နဲ့ အပြိုင် NLD ကလည်း ပြည်သူလူထုအကြား အပြိုင် ထောက်ခံမှု ရှိနေပြီး မိုင်းရှူးနဲ့ ကျေးသီးမှာတော့ SNLD က အားကောင်းနေတယ်လို့ သိရပါတယ်။
မဲဆွယ်စည်းရုံးစဉ်ကာလက အပြိုင်အဆိုင်မဲဆွယ်စည်းရုံးရေးဆင်းခဲ့ကြပေမယ့် SNLD ဘက်တွင် ရှမ်းတိုင်းရင်းသားအများစုက နိုင်ငံရေးအရ ကြည်ညိုလေးစားရပြီး ရှမ်းစော်ဘွား အနွယ်တော်တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးကိုယ်တိုင် ပါဝင်မဲဆွယ်စည်းရုံးဟောပြောခဲ့ပြီး SNLD က “ဖက်ဒရယ်ပြည်ထောင်စု စနစ်တည်ထောင်မည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ မှာ ရှမ်းပြည်နယ် တောင်ပိုင်းက ကျိုင်းတုံ၊ မိုင်းရှုး၊ ကျေးသီးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ပြုလုပ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’လစ်ဘရယ် ဒီမိုကရက်တစ်တိုးတတ်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၈ ခုက ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
ကျိုင်းတုံမြို့နယ် အတွက် စိုင်းပင်းမဲရုံစောင့်ကြည့်ရေး အဖွဲ့က ကိုစိုင်းအောင်မြင့်ဦးက “ကျနော်တာဝန်ကျ စောင့်ကြည့်တာ ရပ်ကွက် ၁ က မဲရုံ ၁၊ ၂၊ ၃၊၄၊ ၅ ပါ ။ မဲလာပေးတဲ့သူ တအား နည်းနေပါတယ်။ တန်းစီတာတောင် မရှိကြပါဘူး။ အခုချိန်ထိ အရမ်း နည်းနေပါတယ်။ လူ ၃၀၀၀ မဲပေးရမယ့် နေရာမှာ ၆၀၀ လောက်ပဲ လာပေးသေးတာမျိုး ရှိတယ်”လို့ ဆိုပါတယ်။
မိုင်းရှုးမြို့နယ်အတွင်းမှာ မဲပေးရမယ့် လူဦးရေ ၄၂၇၄၅ ဦးအနက် မဲပေးသူ ၁၅၀၀၀ ကျော်၊ ညောင်ရွှေမြို့နယ်မှာတော့ မဲရုံ ၆၇ ရုံ ရှိပြီး မဲပေးရမယ့် လူဦးရေက ၆၂၈၉၇ ဦးရှိပြီး မဲလာပေးတဲ့လူက ၁၂၀၀၀ ကျော် ရှိနေပြီလို့ သက်ဆိုင်ရာကော်မရှင်တွေထံက စုံစမ်း သိရပါတယ်။
မိုင်းရှုးမြို့နယ်အတွင်းမှာ ပြည်သူ့လွှတ်တော် နေရာအတွက်တော့ ‘ဝ’ ပါတီမှ လွဲပြီး ကျန် ၄ ပါတီမှ ဝင်ရောင်ယှဉ်ပြိုင်နေ ပါတယ်။ လတ်တလောမှာ ဖုန်းလိုင်းအဆက်အသွယ် ခက်ခဲနေတာကြောင့် မဲရုံအကုန်လုံးရဲ့ စာရင်းတွေကိုတော့ မရသေးကြောင်း သိရပါတယ်။
“ကျနော်တို့ ဖြတ်လာသမျှ မဲရုံတွေမှာတော့ ပြည်သူတွေရဲ့ မဲပေးမှု က စိတ်ဝင်စားမှုရှိတယ်။ မဲလာပေးနေကြတာ တွေ့ရတယ်။ အခြေအနေတွေကတော့ အေးအေးဆေးဆေးရှိပါတယ်။ ” လို့ ကျေးသီး၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းသန့်ဇင်လင်းက ပြောပါတယ်။
ကျေးသီးမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ၁၊ ၂ နေရာတွေအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတတ်ရေး ပါတီ တို့က ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။
ရှမ်းပြည်နယ်၊ တောင်ပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေတဲ့ ၄ မြို့နယ်အနက် ကျိုင်းတုံမြို့နယ် နဲ့ ညောင်ရွှေမြို့နယ်တို့က မဲရုံတွေမှာတော့ လူ အနည်းငယ်သာ မဲလာပေးကြပြီး ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတုန်းကလိုမျိုး လူပေါင်းများစွာ တန်းစီပြီး မဲပေးကြတဲ့ မြင်ကွင်းမျိုး လုံးဝမရှိဘူးလို့ စုံစမ်း သိရှိရပါတယ်။
မဲပေးခွင့်ရှိသူ ၅၆၃၉၂ ဦး နဲ့ မဲရုံ ၅၇ ရုံရှိတဲ့ ကျိုင်းတုံမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်တေဇာဝင်းက “ဒီမနက် ၁၀ နာရီဝန်းကျင်ထိ မဲပေးသူ နည်းပါးနေတယ်။ တချို့မဲရုံတွေမှာတော့ လူနည်းနည်းများတယ်လို့ ဆိုပါတယ်။ မဲလာပေးတဲ့ ပမာဏက ရာဂဏန်းပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိန်ဝင်းက “လက်ရှိ ၁၂၁၃၉ ဦးပဲ မဲလာပေးသေးတယ်။ ပြည်သူရဲ့ မဲပေးဖို့ စိတ်ဝင်စားမှု က၂၀၁၅ ကထက် အများကြီး နည်းပါတယ်”လို့ ဆိုပါတယ်။
ဦးစိန်ဝင်းက ညောင်ရွှေမြို့နယ်အတွင်းမှာ မဲရုံလုံခြုံရေးကို ရဲတပ်ဖွဲ့နဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက စီစဉ် စောင့်ကြပ်နေတာကြောင့် အခြေအနေအားလုံး အေးအေးဆေးဆေး ရှိကြောင်း ပြောပါတယ်။
ဆက်လက်ပြီး သူက “ ညနေမှ မဲလာပေးမယ့်သူ ပြုံလာရင်တော့ ကျနော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ညနေ ၄နာရီ မဲရုံပိတ်မယ်ဆိုပေမယ့် ၄ နာရီမှ ရောက်လာလို့ မဲပေးဖို့ ကျန်နေရင် မဲရုံ ပရဝဏ်ကို တံခါးပိတ်ပြီး မဲဆက်ပေးခိုင်းပါမယ်”လို့လည်း ပြောပါတယ်။
ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်က ဒေသခံတွေကတော့ အခြားမြို့နယ်တွေလို မဟုတ်ပဲ ကြားဖြတ်ရွေးကောက်ပွဲ မဲ ပေးဖို့ကို စိတ်ဝင်တစား ရှိကြတယ်လို့ သိရပါတယ်။
မိုင်းရှုးမြို့ ဒေသခံ ဒေါ်နန်းခမ်းက “ ကျမတို့က ၂၀၁၅ တုန်းက တိုက်ပွဲတွေကြောင့် ပြေးကြလွှားကြနဲ့ မဲ မပေးခဲ့ရဘူးလေ။ အခု ကြားဖြတ်ကျတော့ ကိုယ်ပေးချင်တဲ့ သူကို မဲပေးနိုင်ဖို့ ကျမတို့က စိတ်ဝင်စားတယ်။ ကျမတို့ မိသားစု ၅ ယောက် အကုန်မဲသွားပေးပြီးပြီ”လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မတိုင်မီမှာ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် လုံခြုံမှု မရှိသော ဧရိယာအဖြစ် သတ်မှတ်ခံလိုက် ရတဲ့ မိုင်းရှုးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တို့က ရွေးကောက်ပွဲမကျင်းပဖို့ ပိတ်ခံထားရတာပါ။
မိုင်းရှုးမြို့နယ်၊ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းဝင်းက“ရွေးကောက်ပွဲမတိုင်ခင်က စိတ်ဝင်စားသူနည်းကြလို့လာမှပေးကြမလား စိတ်ပူနေတာ ။ အခုတော့ လာပေး ကြလို့ စိတ်ပူတာ လျော့သွားပါပြီ” လို့ ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေက တိုင်ကြား ခဲ့တာကြောင့် မိုင်းရှုးမြို့နယ်ထဲက လူဦးရေ ၄၀၀၀ ကျော် မဲပေးမယ့် မဲရုံ ၅ ရုံကို SSPP နယ်မြေ ထဲကနေ အစိုးရထိန်းချုပ်နယ်မြေထဲကို ရွှေ့ပြောင်းခဲ့ရပါတယ်။
မိုင်းရှုးမြို့နယ်မှာ ရှိတဲ့ မဲရုံ ၅ ရုံမှာ ၄ မိုင်ကနေ ၁၂ မိုင်ထိ ဝေးသွားတဲ့အတွက် ဒေသခံ ၄၀၀၀ ကျော်က မဲပေးဖို့ အခက်အခဲဖြစ်နေတာကြောင့် ဒီနေ့မှာတော့ ကျေးရွာနဲ့ ရွေးကောက်ပွဲ ကော်မရှင် တို့ရဲ့ အကူအညီတွေနဲ့ ကားတွေ စီစဉ်ပေးပြီး မဲလာပေးနေရပါတယ်။
ဦးသိန်းဝင်းက “ရွှေ့ထားတဲ့ မဲရုံ ၅ ရုံကိုလည်း ကျနော် ရောက်ပြီးပါပြီ။ ဆိုင်ကယ်ရှိတဲ့ သူက ဆိုင်ကယ်နဲ့ မဲလာပေး ကြပါတယ်။ ကားအစီအစဉ်နဲ့ လာတဲ့သူတွေရဲ့ ပထမ အသုတ်ကတော့ မနက် ၉နာရီက စရောက် ပြီး မဲပေးနေကြပါပြီ”လို့ ပြောပါတယ်။
( ဇာနည်မာန်နှင့် မိုးမြင့် ပူးပေါင်းပါဝင် ရေးသားသည်)