ဒေါ်အောင်ဆန်းစုကြည်ကသာ အရေးယူဆောင်ရွက်ခြင်း မရှိလျှင် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ပြီး ဘင်္ဂါလီဟုသာ အသိအမှတ်ပြုခံကြရသူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူနည်းစု မွတ်ဆလင်များကို အကာအကွယ်ပေးရန် “လူတသန်းပင် သေဆုံးစေကာမူ” သူ၏ အဖွဲ့သည် “ဆက်လက် တိုက်ပွဲဝင်မည်”ဟု မြန်မာလုံခြုံရေးတပ်များအား တိုက်ခိုက်နေသော ရိုဟင်ဂျာ မွတ်စလင် ပုန်ကန်မှု ခေါင်းဆောင်က သောကြာနေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းက ရေးသားသွားသည်။
သုတေသီများနှင့် ဒေသခံများက ခေါင်းဆောင်ဟု ဖော်ပြကြသူ အတာအူလာ Ata Ullah က သူ၏ ပထမဆုံး မီဒီယာအင်တာဗျူးတွင် ပြည်ပ အစ္စလာမ်မစ်များနှင့် အဆက်အသွယ် ရှိသည်ဟူသောအချက်ကို ငြင်းဆိုပြီး သူ၏ အဖွဲ့သည် သူ့အဆိုအရ မြန်မာ ဗုဒ္ဓဘာသာ လူများစုများ၏ ဖိနှိပ်မှုခံနေရသော “ရိုဟင်ဂျာ အခွင့်အရေးများ”ကိုသာ အာရုံစိုက်သည်ဟု ပြောသည်။
“၂၀၁၂ ခုနှစ်က ဖြစ်ရပ်တွေ အများကြီး ဖြစ်ခဲ့တယ်။ ကျုပ်တို့ကို သတ်တယ်။ အဲဒီက စပြီး ကျုပ်တို့ နားလည်လိုက်တယ်။ သူတို့ ကျုပ်တို့အခွင့်အရေးတွေကို ဘယ်တော့မပေးဘူးဆိုတာ” ဟု အတာအူလာက ပြောကြောင်း ရိုက်တာသတင်းက ရေးသည်။
၎င်းတို့အဖွဲ့အမည်ကို “အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်” ဟု လွန်ခဲ့သောအပတ်က အမည်ပြောင်းလိုက်ကြောင်း ကြေညာခဲ့ပြီး မိမိတို့အဖွဲ့မှာ အခြားမည်သည့် စစ်သွေးကြွအုပ်စုနှင့်မျှ အချိတ်အဆက်မရှိ၊ မည်သည့်ပြင်ပ အထောက်အပံ့မျှမရဟု အတာအူလာက ပြောသည်။
“ကျုပ်တို့ကိုနောက်ကွယ်က ကူညီတဲ့ ဘယ်အဖွဲ့မှ မရှိဘူး။ ဒီမှာရော၊ ပြည်ပမှာပါ မရှိတာ။ ကျွဲတွေနွားတွေ ရောင်းပြီး အသက်ဆက်နေရတာ” ဟု သူက ရိုက်တာသို့ ပြောခဲ့သည်။
၎င်းတို့အဖွဲ့၏ အနာဂတ်သေနင်္ဂဗျူဟာ၊ လက်ရှိနေရာနှင့် သူ့တွင် တပ်ဖွဲ့ဝင်မည်မျှရှိသေးသည် စသောမေးခွန်း အများအပြားကို အတာမူလာက ဖြေဆိုရန် ငြင်းကြောင်းနှင့် ။ရိုက်တာသတင်းဌာနသို့ စကားပြောစဉ် သူ့ဘေးတွင် စက်သေနတ်ဝှေ့ရမ်းနေသူတဦးရှိကြောင်း သတင်းက ဆိုသည်။
လွန်ခဲ့သောနှစ်အောက်တိုဘာလက နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရအပြီး ယခင် မကြားဖူးသောအဖွဲ့တခုကို မြန်မာ့တပ်မတော်က ချေမှုန်းသောအခါ ဘင်္ဂါလီ ဒုက္ခသည် ၇၅၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည်။
မကြာသေးခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များအပေါ် လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ် ဖြစ်ပွားနေမှုအတွက် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။
မြန်မာအစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ဝမ်းနည်းကြောင်း တုန့်ပြန်ခဲ့ပြီး ပြည်တွင်း ပြည်ပမီဒီယာများကို ရွေးချယ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားလာ သတင်းယူခွင့်ပေးခဲ့သည်။ ထို့အတူ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် အရေးပါသည့် ဥရောပသမဂ္ဂ၏ ကိုယ်စားလှယ်များကိုလည်း သွားရောက်လေ့လာစေခဲ့သည်။