ရွေးကောက်ပွဲ အနိုင်ရသူများစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာဆဲဖြစ်သော်လည်း မြေပြင်စာရင်းများအရ ကိုယ်စားလှယ် ၁၉ နေရာတွင် အခြား ပါတီများမှ ကိုယ်စားလှယ် ၁၀ ဦး အနိုင်ရရှိနေပြီး NLD ရှံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ပြည်သူအများစု မဲထွက်မပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က သုံးသပ်ပြောဆိုသည်။
၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၏ ကိုယ်စားလှယ် ၁၉ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မွန်ပြည်နယ် ချောင်းဆုံ၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ် မိုင်းရှုး၊ ကျေးသီး၊ ကျိုင်းတုံတို့တွင် ရှုံးနိမ့််ခဲ့သည်။
၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် ဦးဝင်းထိန်က “ ဒါကို ၂၀၁၅တုန်းကလို မနိုင်ရကောင်းလား ဆိုပြီးတော့တော့ အန်ကယ်တို့ကအားမလို အားမရ မချင့်မရဲတော့မဖြစ်ဘူး။ သည်လိုဖြစ်မယ်ဆိုတာ မျှော်မှန်းထားပြီးသား”ဟုပြောသည်။
ဧပြီလ ၂ ရက်နေ့ မနက် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ( NDF )၊ အမျိုးသားဒီမိုကရေစီပါတီ စတဲ့ ပါတီ၊ ရှမ်း အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် လူအများစု စိတ်ဝင်တစား စောင့်ကြည့်ခံရသော နေရာများဖြစ်သည့် တိုင်းရင်းသား အများဆုံးရှိနေခဲ့သော မဲဆန္ဒနယ်မြေများ ဖြစ်သည်။
ရခိုင်ပြည်နယ် အမ်းတွင် ဒေသခံ တိုင်းရင်းသား နိုင်ငံရေးပါတီ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာ အေးမောင်နှင့် ရှမ်းပြည်နယ် မိုင်းရှုး၊ ကျေးသီးမြို့နယ်တို့တွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရရှိကြသည်။
သို့သော် မွန်ပြည်နယ် ချောင်းဆုံနှင့် ရှမ်းပြည်နယ် ကျိုင်းတုံတို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ အနိုင်ရရှိကြသည်။
NLD မဝင်ပြိုင်နိုင်ခဲ့သော ကယားပြည်နယ် ဖရူဆိုတွင်မူ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)ကို ပြည်ခိုင်ဖြိုးပါတီက ရှုံးနိမ့်ခဲ့သည်။
၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲကဲ့သို့ လူထု စိတ်ဝင်စားမှု မရရှိခဲ့ပါ။ မဲထွက်ပေးသူ အရေအတွက် နည်းပြီး မဲရုံအများစုတွင် ခြောက်ကပ်နေခဲ့ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ဆိုကြသည်။
နောက်ဆုံး သိရှိရသမျှ ချင်းပြည်နယ် ထန်တလန်မြို့နယ် မဲပေးခွင့်ရှိသူဦးရေ ၂၈၁၇၇ ဦးရှိသော်လည်း လာရောက်မဲပေးသူ ၁၉၀၀၀ ကျော်၊ အမ်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၇၅၀၀၀ ကျော်ရှိသော်လည်း မဲလာပေးသူ စုစုပေါင်း ၄၆၁၃၉ ဦး၊ မုံရွာတွင် မဲပေးခွင့်ရှိသူ ၂၅၀၀၄၀ တွင် မဲပေးခဲ့သူ ၁၁၉၁၈၂ သာ ရှိကြောင်း သိရသည်။။