သတင်း

ရခိုင်ပဋိပက္ခ အတွင်း အထိန်းသိမ်းခံရသူများထဲတွင် ကလေးငယ်များပါဝင်

သူပုန်များနှင့် ပူးပေါင်းခြင်းကြောင့် ဖမ်းဆီးခံရသော ရာနှင့်ချီသည့် ရိုဟင်ဂျာ မွတ်စလင် များတွင် အသက် ၁၀ နှစ် အထိပင် ငယ်ရွယ်သော ကလေးများ ပါဝင်ကြောင်း ရိုက်တာသတင်းဌာနက တွေ့ခဲ့သော ရဲမှတ်တမ်းများအရ သိရပြီး၊ ယင်း ရဲမှတ်တမ်းများက ရခိုင်ပြည်နယ် အတွင်း လုံခြုံရေး ဆောင်ရွက်ချက်များအကြောင်း အသစ်တဖန် မီးမောင်းထိုး ပြလိုက်သည်။

သူပုန်များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်း ၃ ခုကို တိုက်ခိုက်သော အောက်တိုဘာ ၉ ရက်နေ့မှ စတင် ဖမ်းဆီးထားသူ ၄၀၀ ကျော်တွင် ကလေးငယ် ၁၃ ဦးပါဝင်ကြောင်း မတ်လ ၇ ရက်နေ့ ရက်စွဲပါ စာရွက်စာတမ်းများတွင် တွေ့ရသည်။

အချို့သော ကလေးများက သူပုန်များနှင့် ပူးပေါင်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းတို့ကို လူကြီးသံသယရှိသူများမှ ခွဲပြီး သီးသန့်ထားသည် ဟု ရဲတပ်ဖွဲ့က ပြောသည်။

အစိုးရပြောခွင့်ရသူ တဦးကလည်း စစ်ဆင်ရေးများအတွင်း ကလေးငယ်များကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည် ကို ဝန်ခံပြောကြားပြီး အာဏာပိုင်များသည် ဥပဒေအတိုင်း ဆောင်ရွက်ခဲ့သည် ဟု ပြောသည်။ သို့သော် သူသိသည့် ကလေးများ ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်မှာ ၅ ဦးသာ ရှိသည်ဟုလည်း ဆိုသည်။

နိုင်ငံမဲ့ ရိုဟင်ဂျာများကို လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်မှု၊ အုပ်စုလိုက် မုဒိန်းပြုကျင့်မှု၊ စုပြုံဖမ်းဆီးမှု စသည့် စွပ်စွဲချက်များကြောင့် လွန်ခဲ့သော တနှစ်ခန့်က အာဏာရရှိခဲ့သော မြန်မာ့ခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှာ နိုင်ငံတကာ ဖိအားနှင့် ရင်ဆိုင်နေရသည်။ အရေအတွက် အားဖြင့် ၁ ဒသမ ၁ သန်းခန့် ရှိသော ရိုဟင်ဂျာများ သည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ သွားလာခွင့် မရှိဘဲ အခြေခံဝန်ဆောင်မှုများကိုလည်း မရရှိကြပေ။

အစိုးရသည် ရခိုင်ပြည်နယ် စစ်ဆေင်ရေးများ အတွင်း ရာနှင့်ချီသည့် ဖမ်းဆီး ထိန်းသိမ်းထားသူများ၏ အသေးစိတ် အချက်များနှင့် ၎င်းတို့ ရင်ဆိုင်ရသော စွဲချက်များကို အနည်းငယ်သာ ထုတ်ပြန်ကြေညာသည်။

Reuters က တွေ့ရသော စာရွက်စာတမ်းများ အရ ကိုလိုနီခေတ်၏ မတရားသင်း ဥပဒေအရ ဖမ်းဆီးခံထားရသူ ၄၂၃ ဦး ရှိပြီး အမည်များမှာ အမျိုးသားအမည်များ ဖြစ်သည်ဟု ယူဆရသည်။ ပျမ်းမျှ အသက်မှာ ၃၄ နှစ် ဖြစ်ပြီး အငယ်ဆုံး မှာ ၁၀ နှစ် အရွယ် ဖြစ်ကာ အကြီးဆုံးမှာ ၇၅ နှစ် ဖြစ်သည်။ အမည်တခုကို ကြက်ခြေခတ် ခြစ်ပြီး သေဆုံး ဟု မှတ်သားထားသည်။

အကြမ်းဖက် တိုက်ခိုက်မှု၏ ဗဟိုချက် မောင်တောမှ ရဲအရာရှိ ၂ ဦး ကလည်း ထို ၁၁ မျာက်နှာရှိ စာရွက်စာတမ်းများ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“တိုက်ခိုက်တဲ့ သူတွေနဲ့ ပတ်သက်တဲ့ သူတွေကို ကျနော်တို့ ရဲတွေက ဖမ်းရတယ်။ ကလေးဖြစ်နေလည်း မတတ်နိုင် ဘူး။ ဒါပေမယ့် တရားရုံးက သူတို့ကို အပြစ်ရှိတယ်/ မရှိဘူး ဆိုတာ ဆုံးဖြတ်မယ်။ ကျနော်တို့မဆုံးဖြတ်နိုင်ဘူး” ဟု ဒုရဲမှူး သန်းရွှေက ပြောသည်။

အငြင်းပွားဖွယ်ရာဥပဒေ

ရာဇဝတ်မှု စွပ်စွဲခံရသော ကလေးများကို နောက်ဆက်တွဲ ကာကွယ်မှုများ ပေးရန်လိုသော နိုင်ငံတကာ သဘော တူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည်။

မိသားစုနှင့် ဆက်သွယ်ခွင့်၊ ဥပဒေအရ ကိုယ်စားပြုသော ရှေ့နေများ ရ/မရ စသည့် ပြဌာန်းချက်များ အားလုံးကို လိုက်နာခြင်း ရှိ/မရှိ Reuters အနေဖြင့် အတည် မပြုနိုင်ခဲ့ပေ။

အသက် ၁၈ နှစ်အောက် ကလေးအကျဉ်းသား အားလုံးကို ဘူးသီးတောင်ရှိ ထောင်အပြင်ဘက်ရှိ နယ်စပ်ရဲစခန်းတွင် ထားရှိပြီး ခြေကျဉ်းခတ် မထားဟု အမည်မဖော်လိုသော ဒုတိယရဲအရာရှိက ပြောသည်။

“စစ်ဆေးတဲ့ အခါမှာ တချို့ကလေးတွေက သူတို့ တိုက်ခိုက်သူတွေနဲ့ ပတ်သက်ကြောင်း ဝန်ခံကြတယ်” ဟု ဆက်ပြောပြီး စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်မှုလည်း မရှိဟု ဆိုသည်။

ပြည်တွင်း ဥပဒေအရ အသက် ၇ နှစ်မှ ၁၂ နှစ် အရွယ်အတွင်း ကလေးများသည် ၎င်းတို့ လုပ်ရပ်၏ အကျိုးဆက်ကို နားလည် နိုင်လောက်အောင် ရင့်ကျက်မှသာ ရာဇဝတ်မှုမြောက်သည် ဟု ဖော်ပြထားသည်။ စာရင်းတွင် ပါဝင်သော အကျဉ်းသားနှစ်ဦးမှာ ၁၂ နှစ်အောက် ဖြစ်ပြီး အခြားနှစ်ဦးမှာ ၁၃ နှစ်အောက်များ ဖြစ်ကြသည်။

ဘူးသီးတောင် နယ်စပ်ရဲစခန်းတွင် ထိန်းသိမ်းထားသူ ကလေး ၅ ဦး ရှိသည် ဟုသာ သူသိကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ ရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Reuters သတင်းဌာနသို့ ပြောသည်။

အကျဉ်းသား အခွင့်အရေးများ မချိုးဖောက်ရန် အာဏာပိုင်များကို တင်းကျပ်စွာ အမိန့်ပေးထားကြောင်း၊ ချိုးဖောက်သူ မည်သူ့ကိုမျှ ခွင့်လွှတ်မည် မဟုတ်ကြောင်း ပြောထားသည် ဟုလည်း ၎င်းက ဆက်ပြောသည်။

အကျဉ်းသား ၄၂၃ ဦးလုံးတို့ကို မတရားသင်း အက်ဥပဒေဖြင့် အမှုဖွင့်ထားသည် ဟု ဒုတိယရဲအရာရှိက ပြောသည်။ စစ်ဆင်ရေးများ အတွင်း ဖမ်းဆီးထားသူ အားလုံး၏ အမည်အပြည့်အစုံ မပါဝင်သော ထိုစာရင်းမှ အများအပြားတို့ကို လူသတ်မှု အပါအဝင် အခြား ရာဇဝတ်မှုများဖြင့်လည်း စွဲဆိုထားသည် ဟု ၎င်းက ဆိုသည်။

“ဒီလူတွေဟာ တိုက်ခိုက်သူတွေရဲ့ သင်တန်းကို တက်ခဲ့တယ်၊ ငွေကြေးထောက်ပံ့ခဲ့တယ်၊ ဒါမှ မဟုတ် တိုက်ခိုက်မှု တွေမှာ ပူးပေါင်းခဲ့တယ် လို့ ကျနော်တို့ သံသယရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ၊ တိုင်းရင်းသား ဘာသာရေး လူနည်းစုများကို ဖမ်းဆီးရန် မတရားသင်း အက်ဥပဒေကို အသုံးပြုနေသည်မှာ ကာလရှည်ကြာနေပြီ ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များက ပြောခဲ့ကြသည်။

အထူးတရားရုံး

အဆိုပါ ပဋိက္ခများအတွင်း လူ ၅၂၆ ဦးကို ထိန်းသိမ်းခဲ့ကြောင်းနှင့် ယင်း ထိန်းသိမ်းထားသူများထဲမှ ၈ ဦး သေဆုံးကြောင်း မြန်မာအစိုးရက ပြောသည် ဟု ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီသို့ ထုတ်ပြန်သော ကြေညာချက်တွင်မူ ဖော်ပြထားသည်။

အစိုးရသည် ဘူးသီးတောင်တွင် အထူးတရားရုံး ၂ ရုံး ဖွင့်လှစ်ထားသည် ဟု ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးကျော်လှထွန်းက ပြောသည်။

“သူတို့ကို အမြန် စစ်ချင်တယ်။ ထောင်ထဲမှာ လူတွေ လက်ခံနိုင်တာထက် ကျော်နေတော့ လုံခြုံရေး စိုးရိမ်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် ယန်ဟီးလီသည် ဇန်နဝါရီလက အကျဉ်းသားအများစုရှိရာ ဘူးသီးတောင် အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့သည်။ အများစုတွင် ရှေ့နေများ မရှိကြဘဲ ၎င်းတို့အပေါ် တင်သော ဆွဲချက်ကိုလည်း အသိပေးခြင်း မရှိကာ မိသားစုနှင့်လည်း အဆက်အသွယ် မရကြဟု ၎င်းက ပြောသည်။

ရိုက်တာ သတင်းဌာနသည် ထိန်းသိမ်းခံရရာမှ ပြန်လည် လွတ်မြောက်ပြီးနောက် အခြားသူ ၇၅၀၀၀ ခန့်တို့ ကဲ့သို့ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများနှင့်လည်း တွေ့ဆုံခဲ့သည်။

အသက် ၂၂ နှစ် အရွယ်၊ ဒီဒါ ဆိုသူက သူသည် နိုဝင်ဘာလလယ်က သူ၏ရွာ မီးရှို့ခံရပြီးနောက် စစ်တပ်စခန်းတွင် ၁၀ ရက်ကြာ အဖမ်းခံရသည်။ သူနှင့် အတူ လူ ၃၀၀ ခန့် အဖမ်းခံရပြီး လက်ထိပ်များ ခတ်ခံရကာ စစ်မေးစဉ် ရိုက်နှက်ခံရသည် ဟု ပြောသည်။ လူ ၂ ဦးက သတ်ခံရသည် ကိုလည်း တွေ့ခဲ့သည်ဟု ပြောသည်။

သူနှင့် အခြား အကျဉ်းသားဟောင်း ၃ ဦး၏ ပြောဆိုချက်ကို ရိုက်တာ သတင်းဌာန အနေဖြင့် အထောက်အထား ရှာဖွေ တင်ပြနိုင်ခြင်း မရှိခဲ့ပေ။

“စစ်သားတွေက တရက်ကို ၃ ခါ လာတယ်၊ တခါ လာတိုင်း တနာရီလောက်ကြာပြီး၊ ရိုက်တာလည်း ရှိတယ်။ ‘မင်းတို့လားကွ ငါတို့ကို တိုက်တာ၊ မင်းတို့ ပုန်ကန်တဲ့ အထဲ ပါတယ် မဟုတ်လား’ ဒါမျိုး မေးကြတယ်” ဟု ၎င်းက ပြောပြသည်။        ။

Loading