မကွေးမြို့ “ရွှေမြတ်မင်းသမီး” ကာရာအိုကေဆိုင်တွင် ယမန်နေ့ည ၁၀နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားရာ အမျိုးသား ၁၁ ဦးနှင့်အမျိုးသမီး ၄ ဦး၊ စုစုပေါင်းလူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြင်သာရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ KTV ဆိုင်၌ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က အပေါ်ထပ်ရှိ လျှပ်စစ် မီးခုံမှ အပူလွန်ကဲပြီး စတင်လောင်ကျွမ်း ခြင်းဖြစ်နိုင်ကြောင်း၊ အသံလုံအောင် တပ်ဆင်ထားသည့် ဖော့များကို လောင်ကျွမ်းသည့် မီးခိုးငွေ့များကြောင့် အထဲမှလူများ အပြင်မထွက်နိုင်တော့ခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီကို ပြောသည်။
ဦးအောင်ဝင်းစိန်က “အသံလုံအောင်လုပ်တဲ့ ရေမြုပ်တွေက ခြောက်လက်မလောက်ထူတယ်၊ကျနော်တို့ ဆိုဖာထိုင်ခုံလိုပေါ့၊ ဒီဟာတွေကို မီးလောင်တယ်ဆိုရင်ထွက်လာတာတွေက အကုန်အဆိပ်ဓာတ်ငွေ့ တွေပဲလေ ရိုးရိုးသစ်သားကို လောင်တဲ့ မီးခိုးထက် သူက အဆိပ်ဓာတ်ငွေ့အများကြီးပါတယ်၊ ချက်ချင်းရှုမိတာနဲ့ ချက်ချင်း မေ့သွားတာ”ဟုပြောသည်။
လူသေစေမှုပုဒ်မ ၃၀၄(က) နှင့် မီးပေါ့ဆမှုပုဒ်မ၂၈၅များဖြင့် အမှုဖွင့် အရေးယူထားပြီး လတ်တလောမှာတော့ ဆိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟုလည်းသိရသည်။
အဆိုပါ ရွှေမြတ်မင်းသမီး KTVဆိုင်ဖွင့်သည်မှာ တလခန့် ရှိပြီးဖြစ်ပြီး မီးလောင်ကျွမ်းသည့် ညက ဆိုင်ဖွင့်ပွဲ ပုံစံမျိုး ပျော်ပွဲရွှင်ပွဲ ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း ဆိုင်အနီးနေထိုင်သူ ကိုဝေလင်းအောင်ကပြောသည်။
“ဖွင့်တာတော့ တလလောက်ရှိပြီ မနေ့ညက ကောင်မလေးအသစ်တွေရောက်တော့ သူတို့က ဆိုင်ဖွင့်ပွဲပုံစံလုပ် တုန်း လောင်တာ၊ ပထမတော့ သူတို့ အိမ်ခေါင်မိုးပေါ်တွေတက်ပြီး ရေပုံးနဲ့ပက်ပက်ပြီးငြိမ်းတယ် နောက်ပိုင်း ကျ မီးကလုံးဝမနိုင်တော့တာ”ဟု သူကဆိုသည်။
ဆိုင်အပြင်အဆင်မှာ အပြင်ပိုင်း အုတ်နံရံများဖြစ်ပြီး၊ အတွင်းပိုင်း၌ သုံးထပ်သားပျဉ်များ၊ အသံလုံရေမြုပ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ဆိုင်အတွင်းလျှောက်လမ်းတွေမှာ ကျဉ်းသည့်အတွက် အဝင်အထွက် ခက်ခဲကြောင်း ကိုဝေလင်းအောင်ကပြောသည်။
စားပွဲထိုးအမျိုးသား ၁ဦး အမျိုးသမီး ၁ ဦးမှ အပေါ်ထပ် ဝရန်တာမှ ခုန်ချခဲ့ခြင်းကြောင့် မီးလောင်ကျွမ်းမှုမှ လွတ်မြောက်ခဲ့ကြောင်း လက်ရှိတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ကိုယ်တိုင်မြင်တွေ့ခဲ့သည့် မကွေးဒေသခံ ကိုကျော်ထက်မြက်ကလည်း “နောက်ဆုံးထွက်ပြေးလာတဲ့ ကောင်မလေး တယောက်ဆိုရင် အပူဒဏ်ကိုမခံနိုင်လို့ ခန္ဓာကိုယ်မှာပါတဲ့ အဝတ်တွေကို အကုန်ချွတ်ပစ် လိုက်ရတယ်၊ သွေးရူးသွေးတန်းနဲ့ အခုတော့ ဆေးရုံပေါ်ရောက်နေပါပြီ’’ဟု ဧရာဝတီသို့ပြောသည်။
သေဆုံးခဲ့သူများမှာ မကွေးနှင့် မင်းဘူးမြို့ပေါ်ရှိ လူငယ်အများစု ပါဝင်သည် ဟု ဒေသခံများ၏ပြော ဆိုချက်အရသိရသည်။
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က”ဒါလူနေအိမ်ပေါ်မှာ သူက အခန်းတွေဖွဲ့ ပြီးတော့ ဒါ စီးပွားရေးလုပ်ငန်း ကာရာအိုကေလုပ်တာလေ ၊တကယ်တမ်းကျတော့ စီးပွားရေးလုပ်မယ် ဆိုရင် ခြံဝင်း ကျယ် ကျယ်နဲ့ ဝင်ပေါက်ထွက်ပေါက် ရှိရမယ်၊ မီးလောင်တယ်ဆိုရင်လည်း အရေးပေါ် ထွက်ပေါက်ကနေ သွားလို့ရ မယ် အခုဟာက လှေကားက တစ်ခုပဲ ရှိတယ် တစ်ဖက်ပိတ် သဘောမျိုးဖြစ်နေလို့ လူတွေ ပိတ်ဆို့သေသွား ရတာပါ’’ဟုဆိုသည်။