သတင်း

အမုန်းစကား တားဆီးကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲနေ

“အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒေမူကြမ်း” ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြည့်စွက် ရေးဆွဲနေပြီး  ယခုနှစ်အတွင်း လွှတ်တော်တင်နိုင်ရန် မျှော်မှန်းထားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

သူရဦးအောင်ကိုက “နိုင်ငံတကာရဲ့ သဘောထားနဲ့အကြံပြုချက်တွေ ရလာပြီမို့လို့စတုတ္ထမူကြမ်းကို အတိုင်ပင်ခံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင် ဖြည့်စွက် ရေးဆွဲနေတယ်လို့ သိရပါတယ်။ မဘသနဲ့ ပတ်သက်လို့ရှိရင်လည်း အဖွဲ့ အစည်းမှာ ပါဝင်တဲ့ ဆရာတော် သံဃာတော် အများစုကြီးက သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ်တွေနဲ့ပြည့်စုံပါတယ်။ ဒါအများစုကြီးပါ။ အနည်းစုလေးပဲ အစွန်းရောက်တဲ့ အတွေးအခေါ် ရှိပြီးတော့မှ  ဘာသာတခုနဲ့ တခု၊ လူမျိုးကြီး တမျိုးနဲ့ တမျိုး ကြားမှာ အမုန်းစကား(Hate Speech) တွေ ဟောပြောပို့ချတာမျိုး လုပ်တာတွေ ရှိပါတယ်” ဟုပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုကဲ့သို့ဖြည့်စွက် ရေးဆွဲနိုင်ရန် အခြား ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများတွင် ကျင့်သုံးသည့် အလေ့အထနှင့် ၎င်းဥပဒေ ရေးဆွဲထားပုံများကို အကူအညီ တောင်းခံခဲ့သည်ဟု ဆိုသည်။

“Hate Speech လို့ခေါ်တဲ့ အမုန်းစကားများ တားဆီးကာကွယ်ရေးဥပဒေကို တတိယမူကြမ်းအဆင့်အထိ ရေးပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အစိုးရအဖွဲ့ရုံးကို တင်ပြနိုင်ခဲ့တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က hate speech နဲ့ ပတ်သက်လို့ရှိရင် တခြားကမ္ဘာ့ ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးတဲ့ အလေ့အထနဲ့ သည်ဥပဒေနဲ့ ပတ်သက်တဲ့ ရေးဆွဲထားရှိမှုတွေကို အကူအညီတောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ နိုုင်ငံတကာရဲ့သဘောထားနဲ့ အကြံပြုချက် တွေရလာပြီမို့လို့စတုတ္တမူကြမ်းကိုတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက်ရေးဆွဲနေတယ်လို့သိရပါတယ်။

အဆိုပါ ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက  ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသူ မည်သူ့ကိုမဆို အရေးယူခွင့် ရှိမည်ဖြစ်ကြောင်း ရဟန်းတပါးနှင့် ပတ်သက်လျှင်ပင် နိုင်ငံတော် မဟသံဃနာယက (မဟန)အဖွဲ့မှ တစ်ဆင့် စုံစမ်း စစ်ဆေးပြီး လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့ထားသည်။

အမုန်းတရားများ ပွားများစေသော၊ အန္တရာယ်ရှိသော ပြောဆိုမှုများ တားဆီးရေး လှုပ်ရှားမှု ဆောင်ရွက်နေသည့် ပန်းစကား အဖွဲ့တည်ထောင်သူ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “ ကျနော်တို့ ဖြစ်စေချင်တာတော့ လူ့ အဖွဲ့အစည်းကို ပြသနာဖြစ်စေတဲ့ စကားမျိုး၊ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်တဲ့ စကားမျိုး၊ ဒါမျိုးတွေကိုပဲ အရေးယူ ဆောင် ရွက်သင့်တယ် ” ဟု ဧရာဝတီကို ပြောသည်။

ယင်းဥပဒေသည် လက်ရှိ အစိုးရလက်ထက်၌ ဘာသာရေးနှင့် ဆက်နွယ်ပြီး ပထမဆုံးအကြိမ် ရေးဆွဲသည့် ဥပဒေတရပ် ဖြစ်လာနိုင်ကြောင်း သိရသည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ဘာသာကူးပြောင်းမှု၊ ဘာသာခြား ထိမ်းမြား လက်ထပ်ခြင်း၊ တလင် တမယား စနစ်နှင့် ကလေးမွေးဖွားမှု ထိန်းချုပ်ရေး ဆိုသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ခုကို ပြဋ္ဌာန်းခဲ့သည်။

Loading