သတင်း

မန္တလေးမြို့အမျိုးသမီးအသက်မွေးပညာသင်ကျောင်း သန့်ရှင်းသောရေ ရှရှိမှုလိုအပ်နေ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ဘုန်းတော်တိုးရပ်ကွက်၌ လူမှုဝန်ထမ်း ဦးစီးဋ္ဌာနက ဖွင့်လှစ်ထားသည့် အောင်မြေသာစံ အမျိုးသမီး အသက်မွေး အတတ်ပညာသင်ကျောင်း၌ အမျိုးသမီး အသုံးအဆောင်ပစ္စည်းနှင့် သန့်ရှင်းသောရေ ရရှိမှု လိုအပ်နေကြောင်း သိရသည်။

ကျောင်းသို့ ပြင်ပအလှူရှင်တချို့က လာရောက်လှူဒါန်းမှု ရှိသော်လည်း အမျိုးသမီး အသုံးအဆောင်ပစ္စည်း လိုအပ်ချက် ကြီးမားနေသည့်အပြင် အဆိုပါကျောင်း အနီးရှိ ရွှေကျင်ချောင်းမှ ချောင်းရေကိုသာ တကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုနေရသဖြင့် ကျန်းမားရေး ပြဿနာအခက်အခဲတချို့ ကြုံတွေ့နေရကြောင်း ကျောင်သူတချို့က ပြောသည်။

အောင်မြေသာစံ အမျိုးသမီး အသက်မွေး အတတ်ပညာသင်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ေဋ္ဌးက “ချောင်းရေက ရေဆိုးပစ်တာတွေ များလာတော့ ကလေးတွေ ယားနာတွေဖြစ်တာ။ ကျောင်းနောက်မှာ သကြားစက်၊ ဖယောင်းစက်၊ မုန့်ဟင်းခါးဖို၊ ခေါက်ဆွဲဖို၊ မုန့်တီဖိုတွေ ရှိတယ်၊ ချောင်းတလျှောက်က စက်ရုံတေချည်းပဲ။ ရေဆိုးပစ်တာတွေရှိတော့ ရေမသန့်ဘူး။ အဲဒါကြောင့် အရေပြားရောဂါတွေ ဖြစ်ကြတယ်။ အမျိုးသမီးအသုံး အဆောင်တွေက နေ့စဉ်သုံးတွေ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆပ်ပြာမှုန့်၊ သနပ်ခါးဘူး၊ ဖိနပ်၊ ဘော်လီတို့ အုန်းဆီတို့ သွားတိုက်ဆေး အတွင်းခံအသုံးအဆောင်တွေ လိုအပ်နေတာ” ဟု ပြောသည်။

ထိုအမျိုးသမီး အသက်မွေး အတတ်ပညာသင်ကျောင်းတွင် အသက် ၁၆ နှစ်အောက်ရှိ အမျိုးသမီးငယ် ၆၅ ဦးကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးလျက် ရှိသည်။

ထိုကျောင်းတွင် အသက် ၈ နှစ်မှ ၁၆ နှစ်အရွယ် အမျိုးသမီးငယ် အများစုနှင့် အသက် ၂၀ ကျော်အရွယ် အကြားအာရုဏ် ချွတ်ယွင်းနေသူ ၆ ဦးနှင့် စိတ်မကျန်းမာသူ ၆ ဦးကိုပါ လက်ခံထားကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ေဋ္ဌးက ပြောသည်။

အဆိုပါကျောင်းသို့ ရောက်ရှိလာသည့် အမျိုးသမီးငယ်အများစုမှာ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ တရုတ်နိုင်ငံသို့ ရောင်းစားခံရသူများ(လူကုန်ကူးခံရသူ)၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများ၊ အိမ်တွင်းအကြမ်းဖက် ခံရသူများ၊ မိဘမဲ့များနှင့် တရားရုံးအမိန့်အရ အကျင့်စာရိတ္တ ပြုပြင်ပေးရမည့် အမျိုးသမီးကလေးများ ပါဝင်သည်။

အမျိုးသမီးငယ်များကို လက်မှုအသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သည့် ရွှေဆိုင်းလုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊ ပန်းညှပ်လုပ်ငန်း(စက္ကူဖြင့် ပြုလုပ်ထားသည့်ပန်း)၊ အထည်ဆေးဆိုး ပန်းရိုက်ခြင်း လုပ်ငန်းနှင့် အခြေခံ စက်ချုပ်လုပ်ငန်းများကို ကျွမ်းကျင်ဝန်ထမ်းများမှ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

အမျိုးသမီး အသက်မွေး အတတ်ပညာသင်ကျောင်းကို ၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေ ပြည်ထောင်စု အစိုးရဘဏ္ဍာငွေ၏ ဝ.၀၂ ရာခိုင်နှုန်းသာ ရရှိသဖြင့် နေ့စဉ်စားစရိတ်သည် တဦးလျှင် ၄၃၂ ကျပ်သာ ရရှိသည်။

သို့သော် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝ.၀၉ ရာခိုင်နှုန်း တိုးမြှင့်ပေးသည့်အတွက် ၂၀၁၇ ဧပြီလ ၁ ရက်မှ စတင်၍ တဦးလျှင် ကျပ်ငွေ ၁,၀၀၀ အထိ အသုံးစရိတ် တိုးမြင့်ပေးထားကြောင်း သိရသည်။

Loading