မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင်ကျေးရွာမှ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) ပါတီဝင် ၂၀၀ တပြိုင် တည်း နုတ်ထွက်မှု ဖြစ်ပွားကြောင်း သိရသည်။
ခေါင်းဆောင်များကို အယုံအကြည် မရှိခြင်းနှင့် မွန် ၂ ပါတီ ပေါင်းစည်းရေး အတွက် ဖွဲ့စည်းထားသည့် ညှိနှိုင်းရေး အဖွဲ့အား လက်မခံခြင်း သဘောထားကို မကျေနပ်၍ နုတ်ထွက်ကြခြင်း ဖြစ်ကြောင်း ကျေးရွာ ပါတီ ဥက္ကဋ္ဌ နိုင်မွန်စိုက်က ဧရာဝတီ သို့ ပြောသည်။
“ဒီပါတီက မွန်အမျိုးသားတွေအတွက် ဆိုပြီး ဖွဲ့စည်းထားတယ်၊ ကနေ့ ကျနော်တို့ မြင်တာက ကျနော်တို့ ပါတီ ခေါင်း ဆောင် တွေဟာ မွန်အမျိုးသား တွေရဲ့ အသံတွေ ဆန္ဒတွေကို အသိအမှတ် မပြုဘူး။ ဒါ့ပြင် ဒီနေ့ မွန်နိုင်ငံရေး ပါတီ ၃ ခု ဖြစ်နေတာ ကို တပါတီတည်း ဖြစ်အောင် ညှိနှိုင်းဖို့အတွက် ဆိုပြီး ဖွဲ့ထားတဲ့ ညှိနှိုင်းရေး အဖွဲ့ကိုလည်း ကျနော်တို့ ပါတီက လက်မခံတော့ ကျနော်တို့ ရှေ့ဆက် လုပ်လို့ မရတော့ဘူး ဆိုပြီးတော့ နုတ်ထွက် လိုက်ကြတာ”ဟု နိုင်မွန်စိုက်က ပြောဆို သည်။
သောင်ပြင်ကျေးရွာတွင် AMDP ပါတီဝင်ပေါင်း ၂၉၀ ရှိပြီး လက်ရှိ ၂၀၀ နုတ်ထွက် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့် ဧပြီလ ၁ ရက်နေ့တွင် ထိုကဲ့သို့ နုတ်ထွက်ခြင်း ဖြစ်ပြီး ကျေးရွာရှိ ပါတီ ဆိုင်း ဘုတ်နှင့် ပါတီရုံးကိုလည်း ပိတ်လိုက်ကြောင်း နိုင်မွန်စိုက်က ပြောသည်။
သောင်ပြင် ကျေးရွာတွင် ဖွင့်လှစ်ထားသည့် AMDP ပါတီရုံးသည် ပါတီဝင် တဦး ဖြစ်သည့် နိုင်ညှိုက် ပိုင်ဆိုင်သည့် အိမ် ဖြစ်ပြီး ပါတီလုပ်ငန်း လုပ်ဆောင်ရန် အတွက် ခွင့်ပြုထားခဲ့ရာမှ ယခု ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ AMDPပါတီရုံး၌ ပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေး၌ မွန်နိုင်ငံရေး ပါတီ များ ပေါင်းစည်းရေး အတွက် တက်ကြွှစွာ ဆောင်ရွက်နေသည့် သောင်ပြင်ရွာသား ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် နိုင်အောက်ဆား အား ပါတီမှ ထုတ်ပယ်လိုက်သည့် အတွက် ထိုအချက်ကိုလည်း သောင်ပြင်ရွာသား ပါတီဝင်များက မကျေနပ် ကြ ကြောင်း သိရသည်။
ဗဟို အလုပ်အမှုဆောင် တဦး ဖြစ်သည့် မိမိအား မတ် ၂၄ ရက်နေ့ ဗဟို အလုပ်အမှုအဆောင် အစည်းအဝေးမှ တရားဝင် စာဖြင့် အကြောင်းကြားခြင်းလည်း မရှိဘဲ ပါတီမှ ထုတ်ပယ် လိုက်ခြင်းသည် နည်းလမ်းတကျ မဟုတ်ကြောင်း ပါတီမှ အထုတ်ခံ လိုက်ရသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောက်ဆား ဧရာဝတီသို့ ပြောသည်။
“နိုင်ငံရေး ပါတီတစ်ခုရဲ့ လုပ်ထုံးလုပ်နည်းအရ ကျနော့်ကို ထုတ်ပယ်လိုက်တယ် ဆိုရင် ကျနော့်ဆီကို တရားဝင် စာပို့ရ တယ်၊ ဘယ်အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်တယ်၊ ကျနော့်ကို စွပ်စွဲထားတဲ့ကိစ္စကို ဘယ်လို သုံးသပ်ထားလဲ စတဲ့ အချက်တွေကို ကျနော့်ဆီ တရားဝင်စာပို့လာမှ နည်းလမ်းတကျ ဖြစ်မယ်လို့ ထယ်တယ်၊ အခု ကျနော့်ကို ထုတ်လိုက်တာ က မီဒီယာကို အရင်ပြောတယ်၊ ကျနော့်ဆီကို စာက ကနေ့အထိ မရောက်လာ သေးဘူး” ဟုလည်း နိုင်အောက်ဆား က ပြောဆိုသည်။
AMDP ပါတီမှ တွဲဖက် အတွင်းရေးမှူး နိုင်စံတင်ကမူ အဆိုပါစာသည် ပေးပို့မှု၌ ကြန့်ကြာမှု ရှိခဲ့၍ လက်ရှိတွင် ဗဟို အလုပ် အမှုဆောင် နိုင်အောက်ဆားထံ ပေးပို့ထားပြီး ဖြစ်ကြောင်း၊ လာမည့် ဧပြီလ ၅ ရက်နေ့တွင် သောင်ပြင်ရွာ သို့ သွား၍ ဖြုတ်ချလိုက်သည့် ဆိုင်းဘုတ်အား ပြန်တင်၍ ပါတီရုံးကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြောသည်။
“သူတို့ ရွာသား ဗဟို အလုပ်အမှုဆောင် တယောက်ကို ထုတ်လိုက်တယ် ဆိုတော့ သူတို့ဘက်က တုံ့ပြန်မှုတော့ ရှိမှာပဲ လေ ၊ ဒါကို ကျနော်တို့ နားလည်ပါတယ်၊ အခု လူမှုကွန်ရက်မှာ ပြောနေသလို ပါတီဝင်အားလုံး နုတ်ထွက်တာ မဟုတ် ပါဘူး၊ ကျန်တဲ့ ပါတီဝင်တွေနဲ့ ကျနော်တို့ ပါတီ ဆိုင်းဘုတ်ကို ပြန်တင်မယ်၊ ပါတီရုံးကို ပြန်ဖွင့်မယ်” ဟုလည်း နိုင်စံတင် က ပြောဆိုသည်။
AMDP ပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်သည့် နိုင်အောက်ဆားကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် လ တွင် တောင်ပေါက် ကျေးရွာ၌ ပြုလုပ်သည့် မွန်အမျိုးသား ကွန်ဖရင့်သို့ တက်ရောက်၍ ပါတီ ကိုယ်စားပြု ပြောဆိုခြင်း၊ ခေါင်းဆောင်များကို ဝေဖန် ပုတ်ခတ် ပြောဆိုခြင်း၊ ပါတီဝင် အင်အားစုများကို စုစည်း၍ ပါတီတွင်း မငြိမ်သက်မှု ဖြစ်ပွား ရန် လှုံ့ဆော်ခြင်း စသည့် ပြစ်ချက်များဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း တွဲဖက် အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။
AMDP ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ များတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မွန်နိုင်ငံရေး ပါတီ တခုဖြစ်သည်။