ဧပြီ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပွင့်လင်းမြင်သာမှုနှင့် လုပ်ငန်းစဉ် တိုးတက်လာမှုကို တွေ့ရှိရကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ANFREL က ပြောသည်။
ANFREL အဖွဲ့ခေါင်းဆောင် Mr.Damaso Magbual က “ မြန်မာနိုင်ငံဟာ ပိုပြီးဒီမိုကရေစီဆန်တဲ့ အနာဂတ်ဘက်ကို ဦးတည်နေတဲ့ အရေးကြီးခြေလှမ်းတလှမ်း လှမ်းနိုင်ခဲ့တာကို မြင်လိုက်ရတယ်” ဟု ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် အားနည်းချက်များ ရှိနေသေးပြီး ယခုအတွေ့အကြုံများကို သင်ခန်းစာယူ၍ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပိုမိုကောင်းမွန်းသည့် တိုးတက်မှုကို မျှော်လင့်ကြောင်း ANFREL က ဆိုသည်။
ဧပြီ ၁ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မြို့နယ် ၂၂ မြို့နယ် ပါဝင်ခဲ့ပြီး ANFREL အနေဖြင့် မဲဆန္ဒနယ် အသီးသီးမှ မဲရုံ ၁၉၄ ရုံကို စောင့်ကြည့်လေ့လာခဲ့ရာ၌ တပ်တွင်းမဲရုံများကိုပါ လေ့လာခွင့်ရရှိခဲ့ပြီး စနစ်တကျ လုပ်ဆောင်နိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း Mr.Damaso Magbual က ပြောသည်။
တပ်မတော်သားများ မဲဆန္ဒနယ်ပြင်ပ၌ ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍ အချိန်နှင့်နေရာကို ဦးစွာကြေညာထားသင့်ပြီး ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်စွာ ရွေးချယ်ခွင့်အတွက် မဲရုံများကို တပ်စခန်းဂိတ်ပေါက် အပြင်ဘက် ထားရှိသင့်ကြောင်း ANFREL က ထောက်ပြခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးသူ အရေအတွက် သိသိသာသာ လျော့ကျခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း မဲဆန္ဒနယ်မြေများတွင် မဲပေးမှုသည် ANFREL ၏ စာရင်းအရ ၃၀ ရာခိုင်နှုန်း မပြည့်သည့်အတွက် မဲဆန္ဒရှင်များ၏ စိတ်ဝင်စားမှုသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည် လက်ရှိလွှတ်တော်လုပ်ငန်းစဉ်အပေါ် သက်ရောက်မှု မရှိသည့်အတွက် ပြည်သူများ စိတ်ဝင်စားမှု လျော့ကျခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် ငွေကုန်ကြေးကျများသည့်အတွက် ယခုထက်ပို၍ လစ်လပ်နေရာ များပြားချိန်တွင် ဖြစ်စေ၊ အမှန်တကယ် လိုအပ်သည့်အခါတွင်ဖြစ်စေ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း Mr. Damaso Magbual က ပြောသည်။
မိုင်းရှူးမဲဆန္ဒနယ်မြေအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း ပြေလည်ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က မကျင်းပနိုင်ခဲ့သည့် ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပလာနိုင်ခြင်းက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ကျန်ရှိနေသေးသည့် မဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပစ်အခတ် ရပ်စဲမှုများက အထောက်အကူပေးမည်ဟု မျှော်လင့်ကြောင်းလည်း ANFREL က ဆိုသည်။
ထို့အပြင် ပွင့်လင်းမြင်သာမှုနှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ များပြားလာမှု၊ မသန်စွမ်းသူများအတွက် စီမံခန့်ခွဲမှုများ တိုးတက်လာသော်လည်း မဲဆန္ဒရှင်စာရင်း စိစစ်မှုတွင် လက်ရှိနည်းလမ်းဖြစ်သည့် အိမ်ထောင်စုစာရင်းမှ ရွေးချယ်ပြင်ဆင်မှုကို စွန့်လွှတ်ရမည်ဖြစ်ပြီး ရေရှည်စီမံကိန်းအဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွင် ပါရှိသော အမည်နှင့်နံပါတ်ကိုသာ အသုံးပြုသင့်ကြောင်း ANFREL က အကြံပြုသည်။
ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ၁၉ နေရာ ကျင်းပခဲ့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁ နေရာနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) က ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။