အိန္ဒိယ နိုင်ငံသည် ၎င်း၏ ပြည်တွင်းထုတ် အပေါ့စား တော်ပီဒိုများကို မြန်မာ နိုင်ငံသို့ ရောင်းချရန် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်း တန်ဖိုးရှိ စာချုပ် ချုပ်ဆိုလိုက်ပြီး ထိုစာချုပ်မှာ ၂ နိုင်ငံ အကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ကြီးမားကျယ်ပြန့်လာသည့် သင်္ကေတဖြစ်သည် ဟု အိန္ဒိယကာကွယ်ရေး အရာရှိများက ပြောကြောင်း သိရသည်။
လွန်ခဲ့သော နှစ်များအတွင်း နှစ်နိုင်ငံတို့သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ကြိုးစားနေခဲ့ကြပြီး ၎င်းမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ Narendra Modi ၏ အရှေ့တိုင်းကို ဦးတည်ဆောင်ရွက်ခြင်း မူဝါဒ Act East Policy ၏ အစိတ်အပိုင်း ဖြစ်သည်။ ထိုမူဝါဒသည် ၁၉၉၀ ခုနှစ်များက ဝန်ကြီးချုပ်နာရာဆင်ဟာရောင်း ချမှတ်ခဲ့သည့် အရှေ့တောင်အာရှ နိုင်များကို ဗဟိုပြုပြီး အရှေ့အာရှနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သည့် အရှေ့မျှော်ကြည့်ရေး မူဝါဒထက် အရှေ့တိုင်းကို ပိုမိုအာရုံစိုက်သည်။
ထိုအစီအစဉ်သည် ရေကြောင်းနယ်ပယ်တွင် ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်မည့် အလားအလာကိုလည်း ပြသနေသည်။ ၂ နိုင်ငံတို့သည် ကုန်းနယ်နမိတ်သာမက ဗျူဟာကျသော အန်ဒမန်ပင်လယ်နှင့် ဘင်္ဂလား ပင်လယ် အော်တွင် ရှည်လျှားသော ရေကြောင်းနယ်နမိတ်လည်းထိစပ်နေသောကြောင့် ထိုပူးပေါင်းဆောင်ရွက်မှုသည် အံ့သြစရာ မဟုတ်ပေ။
အိန္ဒိယ နှင့် မြန်မာ နိုင်ငံတို့သည် ထိုပိုင်နက်များတွင် ငါးခိုးဖမ်းခြင်းမှ အစ အင်အားကြီးထွားလာ နေသော တရုတ် နိုင်ငံသို့ မှောင်ခိုကူးခြင်းအထိ ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ မြန်မာအနေဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ရေတပ်က တရုတ်လုပ် ရေငုပ်သင်္ဘောများ လတ်တလော ဝယ်ယူပိုင်ဆိုင်ထားခြင်းကိုလည်း မျက်စေ့ဒေါက်ထောက်ကြည့်နေရသည်။ အိန္ဒိယသည် ဖွံ့ဖြိုးမှု နိမ့်ကျသော မြန်မာ ရေတပ် အတွင်း အချို့သော စွမ်းရည်များ မြှင့်တင်ပေးမည့် အနေအထား ရှိသည်။ အိန္ဒိယ သည် မြန်မာသို့ လေ့ကျင့်ရေး၊ အကူအညီနှင့် လက်နက်ကိရိယာ ရောင်းချမှု ရှိသော်လည်း ထိုထက်ကြီးမားသော အစီအစဉ်များကို မသိရပေ။
မြန်မာသို့ အပေါ့စား တော်ပီဒို တင်ပို့ရန် လက်မှတ်များကို ကာကွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး အာရန်ဂျိတ်လီထံ တင်ပြခဲ့သည် ဟု အိန္ဒိယ သတင်းဌာနများက ဖော်ပြကြသည်။
အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Defense Research and Development Organization – DRDO) အကြီးအကဲ အက်စ် ခရစ်စတိုဖာ (S Christopher) ကလည်း PSU Bharat Dynamics and engineering company L&T က ထုတ်လုပ်သော တော်ပီဒိုများ မြန်မာသို့ တင်ပို့မည် ဖြစ်ကြောင်းနှင့် အစောပိုင်းက ရေအောက် ထောက်လှမ်းရေး ကိရိယာများ၊ အသံကာ ကိရိယာများနှင့် လမ်းညွှန်ကိရိယာများကို မြန်မာသို့ တင်ပို့ခဲ့ ကြောင်း အတည်ပြုသည်။
ထိုထက်ပိုသော အသေးစိတ်များကို ထုတ်ပြန်ခြင်း မရှိပေ။ ခရစ်စတိုဖာ ပြောသော တော်ပီဒိုများသည် ရှန်းနား Sheena အမည်ရှိ DRDO-designed အဆင့်မြင့် အပေါ့စား တော်ပီဒိုများဖြစ်သည် ဟု IHS Jane’s စာစောင်က အမည်မဖေါ်လိုသော ကာကွယ်ရေး သတင်းရင်းမြစ်များကို ကိုးကားပြောသည်။ ။