၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်နယ် မဲဆန္ဒနယ်(၁) ကိုယ်စားလှယ်လောင်း လျှောက်လွှာ အချိန်မီတင်ရန် ပျက်ကွက်ခြင်း အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ကယားပြည်နယ် ဥက္ကဋ္ဌ နှင့် ဖရူဆိုမြို့နယ် ဥက္ကဋ္ဌ တို့ကို ပါတီ တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ဧပြီ ၂ ရက်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယနေ့ တရားဝင် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။
ပါတီတာဝန်မှ ရပ်ဆိုင်းခံရသူ ဖရူဆိုမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးပဲ့ဒူက“ဒါနဲ့ပတ်သက်လို့တော့ ကျနော် ဘာမှ Complain တက်စရာမရှိပါဘူး။ ပါတီတခုရဲ့ စည်းမျဉ်းအတိုင်းပဲ လိုက်နာမှာပါ။ ဒါပေမယ့် ဒီပါတီကို လုံးဝပြစ်ပယ်သွားမှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကောင်းနေရာ မလုပ်နိုင်တော့ပေမယ့် နောက်လိုက်ကောင်း တယောက်ဖြစ်အောင် ကြိုးစားမှာ ပါ” ဟု ဧရာဝတီကို ပြောသည်။
ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ရန် နောက်ကျခြင်းနှင့်ပတ်သက်၍ ပြည်နယ် ဥက္ကဋ္ဌ မှ မက်ဆင်ဂျာမှ သတင်း ပေးပို့မှုကို ၎င်းအနေဖြင့် အွန်လိုင်းအမြဲတမ်း သုံးသူမဟုတ်သည့် အတွက် နောက်ကျမှ သိခဲ့ရခြင်း ဖြစ်ကြောင်း၊ သိရသည့် အချိန်တွင် သွားရောက်တင်သော်လည်း အချိန်မမီတော့ခြင်း ဖြစ်ကြောင်းလည်း ရှင်းပြသည်။
ယခုကဲ့သို့ တာဝန်မှ ရပ်ဆိုင်းခံရခြင်းနှင့်ပတ်သက်၍ တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးသော်လည်း ယခင် ကတည်းက ကြားထားပြီးဖြစ်ကြောင်း၊ အင်အားနည်းနေသည့် ဖရူဆိုမြို့နယ် အလုပ်မှုဆောင် အဖွဲ့ဝင်များကိုလည်း ပြန်လည် ရွေးချယ်ခန့်အပ်စေချင်ကြောင်း ဦးပဲ့ဒူက ဖြည့်စွက်ပြောဆိုသည်။
လက်ရှိဖရူဆိုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူက “သူအချိန်မီမပို့လို့ အခုလိုဖြစ်သွားတာ။ မြို့နယ် က လူတွေလည်း အရမ်းကိုစိတ်ဆိုးနေကြတယ်။ အခုလို အရေးကြီးတဲ့ ရွေးကောက်ပွဲကိစ္စကို ဆိုတော့ ပိုဆိုးတာပေါ့။ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းပေးဖို့ မြို့နယ်ကလူတွေ အားလုံးမျှော်လင့်နေကြတယ်”ဟု ပြောသည်။
NLD ပါတီသည် ဧပြီ ၁ ရက်က ကျင်းပခဲ့သည့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာ စုစုပေါင်း ၉ နေရာ အနိုင်ရရှိခဲ့သည်။