မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အား ရာဇသတ်ကြီး ဥပဒေဖြင့် အရေးယူရန် ဒေါပုံမြို့နယ်တရားရုံးသို့ ယနေ့ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းက လျောက်ထားခဲ့ရာတွင် တရားရုံးမှ လက်မခံဘဲ ပယ်ချခဲ့သည်။
ဦးဝီရသူ အနေဖြင့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအား ဗုဒ္ဓဘာသာတရားတော်များတွင် ပါဝင်ခြင်းမရှိသည့် ဟောကြားချက်များဖြစ်သည့် အရက်သမား၊ ဘိန်းစား၊ ခွေး၊ သံဃာ တို့နှင့်ပေါင်းသင်းဆက်ဆံကြရန် တိုက်တွန်း ဟောကြားခဲ့ခြင်းကြောင့် ဒေါပုံမြို့နယ်နေ ဦးမင်းလှိုင်ဆိုသူက အရေးယူပေးရန် လျောက်ထားခဲ့ ခြင်းဖြစ်သည်။
ဦးတိုက်လျောက်ထားသူ ဦးမင်းလှိုင်က “ဒီမြို့နယ်က အခင်းဖြစ်နယ်မြေ မဟုတ်လို့ လျောက်ထားတာကို လက်မခံဘူး၊ ဦးဝီရသူအနေနဲ့ ဒီလိုဟောပြောမှုတွေ ဆက်မလုပ်ဖို့ ဥပဒေနဲ့အညီ လုပ်နိုင်သလောက်ကို ဆက်လုပ်သွားပါမယ်”ဟု ပြောသည်။
ဦးတိုက်လျောက်ထားလွှာနှင့် ပတ်သက်၍ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၇၇ နှင့်ညီညွတ်မှုမရှိဟုဆိုကာ တိုင်ကြားလျောက်ထားလွှားတွင် ဒေါပုံမြို့နယ်တရားသူကြီး ဒေါ်ယုယုဆွေက လက်မှတ်ရေးထိုးကာ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဦးဝီရသူအနေဖြင့် ၎င်း၏ဟောကြားချက်များကြောင့် နိုင်ငံတော်သံဃ မဟာနာယက(မဟန)အဖွဲ့၏ မတ်လ ၁၀ ရက်ကစတင်ကာ တရားဟောခွင့်တနှစ်ပိတ်ပင်ခြင်းကိုခံထားရသော်လည်း ပါစပ်ကို တိပ်ဖြင့်ပိတ်ကာ ၎င်းကိုယ်တိုင်ဟောကြားမှုမရှိသည့် တရားပွဲများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
ဦးတိုက်လျောက်ထားရာတွင် သက်သေအဖြစ်ပါဝင်သူ ဦးအေးမင်းနိုင်က “ဆရာတော်တပါးအနေနဲ့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြောဆိုချက်တွေ၊ ဖြန့်ဝေမှုတွေက ဗုဒ္ဓဘာသာဝင်တွေကို အရှက်ရစေပါ တယ်၊ နောက်ပြီး ဗုဒ္ဓရဲ့ တရားနဲ့ မညီတဲ့ ဟောပြောချက်တွေကို လက်မခံနိုင်လို့ သက်သေအဖြစ်ပါခဲ့ တာပါ”ဟု ပြောသည်။
ဦးဝီရသူအား အမုန်းတရားဟောပြောမှုများနှင့် ဥပဒေကို ချိုးဖောက်သော ဟောပြောမှုများကြောင့် အရေးယူ ပေးရန် Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ဦးဆွေဝင်းက မဟန နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ထံ မတ်လ ၂၈ ရက်နေ့က တင်ပြလျောက်ထားခဲ့သည်။
ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လိုလားသူများက ဦးဆောင်ပြီး ဦးဝီရသူ အား အကြမ်းဖက်မှုကို အားပေးအားမြောက်ဖြစ်စေသော ဟောပြော၊ ရေးသားခြင်းများ ပြုလုပ်သည်ဟု ဆိုကာ အရေးယူ ဆောင်ရွက်ပေးနိုင်ရေး အတွက် အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကို အခြေစိုက် Change.org ဝက်ဘ်ဆိုက်တွင် လူထုလက်မှတ်ကောက်ယူမှုများ ပြုလုပ်လျှက်ရှိသည်။