ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာ၌ ဝင်ရောက် ရွေးချယ်ခံခဲ့ကြသည့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို ကျော်ဖြတ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဦးဘွဲခိန်း အနိုင်ရရှိခဲ့ သည်။
အသက် ၇၂ နှစ် ရှိ ဦးဘွဲခိန်းသည် ထန်တလန်မြို့နယ် ဇာတိသား ဖြစ်ပြီး ယခင်က စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်မန်နေဂျာ ရာထူးဖြင့် အစိုးရဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့သူ ဖြစ်သည်။ အငြိမ်းစား ယူပြီးနောက် FAO တွင် ၁ နှစ်ကြာ၊ UNDP တွင် ၁၂ နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ကြားဖြတ် ရွေးကောက်ပွဲ အရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘွဲခိန်းအား ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဆောင်းပါးရှင် မယ်တင့်က မေးမြန်းထားချက်များမှ ကောက်နုတ် ဖော်ပြလိုက် ပါသည်။
မေး။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့ အခါ မဲဆန္ဒရှင်တွေ အတွက် ပထမဦးဆုံး ဘာတွေ လုပ်ပေးမလဲ။
ဖြေ။ ။ ပထမဦးဆုံး ကတိသစ္စာမှာ ပါတဲ့အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ပါမယ်။ ဒီကနေ့ ချင်းပြည်နယ်မှာ အဓိက ခံစားနေရတဲ့ ဆင်းရဲနွမ်းပါးမှု၊ ပြီးတော့ နယ်မြေဖွံ့ဖြိုးမှု အဆင့်အနိမ့်ဆုံး ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ၊ စားဝတ်နေရေး အဆုံး တတ်အားသ၍ ပြည်သူလူထု အသံကို နားထောင်ပြီး ပြည်သူလူထုရဲ့လိုအပ်ချက်ကို လွတ်တော်မှာ တင်ပြပေးမယ်။
နောက်ပြီး ပြည်သူလူထု အတွက် ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ မူဝါဒ၊ NLD ပါတီက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ပြည်သူကို ရှင်းပြပြီး ဉာဏ်စွမ်း ရှိသ၍ လုပ်ကိုင်ဆောင်ရွက်မယ်။ ပြည်သူက တင်ပြလာရင် တင်ပြသင့် တင်ပြထိုက်တာကို လွှတ်တော်မှာ အကောင်းဆုံး ဖြစ်အောင် ကျနော် ကြိုးစားပြီး တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
မေး။ ။ ရွေးကောက်ပွဲ အနိုင်ရတဲ့ အပေါ် မဲဆန္ဒရှင်ပြည်သူကို ဘာပြောချင်သေးလဲ။
ဖြေ။ ။ ပြည်သူက ချစ်လို့ ဒီလို မဲပေးရခြင်း ဖြစ်တယ်လို့ တင်ပြလိုတယ်။ NLD အပေါ်မှာ ယုံကြည်ကိုးစားပြီး ကျနော် အနိုင်ရတာက ပြည်သူလူထုကြောင့်ပဲ ဖြစ်တယ်။
မေး။ ။ ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လို ဥပဒေမျိုး ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ထင်ပါ လဲ။
ဖြေ။ ။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် နိုင်ငံတော်က ဘတ်ဂျက်ကို ယခုထက်ပိုပြီး ၄/၅ ဆ တိုးတက် ချမှတ်ပေးဖို့ လိုအပ်တယ်။ ဒီလိုမှ ပြည်သူလူထု အဓိက လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး၊ လူမှုရေး ကဏ္ဍ အသီးသီးကို တိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်။
မေး။ ။ ချင်းပြည်နယ်ကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာမယ်လို့ သတင်းကြားတယ်။ သူနဲ့ တွေ့ဖို့ ရှိလား၊ တွေ့ရင် ချင်းပြည်နယ် အတွက် ဘာတွေ ဆွေးနွေးမလဲ။
ဖြေ။ ။ ချင်းပြည်နယ်မှာ အဓိက လိုအပ်တာက လမ်းပန်းဆက်သွယ်ရေး ချောမွေ့ဖို့ပဲ။ အခုတော့ နိုင်ငံတော်က တတ်အားသ၍ ကူညီ ဆောင်ရွက်ပေးတယ်။ တက္ကသိုလ်၊ ကောလိပ်ရှိတာ ၄/၅ နှစ်ပဲ ရှိသေးတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးက အဓိက အရေးကြီးဆုံးပဲ။
ပညာရေး ကဏ္ဍမှာလည်း ချင်းပြည်နယ်နဲ့ ကိုက်ညီတဲ့ တက္ကသိုလ်တွေ ဖွင့်ပေးဖို့။ ဒုတိယ အချက်အနေနဲ့ ချင်းပြည်နယ်မှာ များသော အားဖြင့် ရွှေ့ပြောင်း တောင်ယာစနစ် ကျင့်သုံးလို့ အကုန်လုံး ခုတ်ထွင်ကြတော့ တောင်ကတုံးကြီးတွေ ဖြစ်နေ တယ်။
တောင်ကတုံးတွေကို ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ဖို့ အတွက် အမြင့်ပေ ၄ ထောင် အထက်မှာ ထင်းရှူးပင်စိုက်ဖို့ နိုင်ငံတော်က စိုက်ပျိုးရေး အတွက် ဘတ်ဂျက်များများ ချပေးပါ။ ပြီးတော့ အမြင့်ပေ ၃ ထောင် အောက်ကို ကျွန်းသစ် အကုန်လုံး စိုက်ခိုင်း၊ ဒါက နှစ်ပေါင်းသုံးဆယ် ကြာလာတဲ့အခါ ချင်းပြည်နယ် ဘာမှမထွက်တဲ့ ဒေသသည် ကျွန်းသစ် ထွက်မယ်။ ထင်းရှူးထွက်မယ်၊ ဒေသဖွံ့ဖြိုးရေး အတွက် ဖြစ်သလို၊ နိုင်ငံတော်အတွက် ဝင်ငွေဖြစ်မယ်။
ချင်းပြည်နယ် နယ်စပ်ကုန်သွယ်ရေးကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ပေးနိုင်တာ မရှိသေးဘူး။ အဲဒါကိုလည်း ချင်းပြည်နယ် ဖွံ့ဖြိုးရေး အတွက် မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ လိုအပ်တယ်။ ထိုနည်းလည်းကောင်း ကျနော်တို့ လေယာဉ်ပျံ စီးချင်တယ် ဆိုရင် ကလေးမြို့ သွားစီးရတယ်။ ဖလမ်းမှာ လေယာဉ်ကွင်း တူး (တည်ဆောက်) နေတယ်။
တူးနေတယ် (တည်ဆောက်နေတယ်) ဆိုပေမယ့် ဖလမ်းက ထန်တလန်နဲ့ မိုင်လေးဆယ်ကျော် ဝေးတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် ဖလမ်းမှာလည်း တိုး၊ ထန်တလန်မှာလည်း တိုး ၊အကြမ်းအားဖြင့် တိုင်းထွာပြီးသား။ ပေ ၁ သောင်းကျော် ရှိတယ်။ ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး တိုးတက်လာမယ်။ နိုင်ငံတော် လုံခြုံရေး အတွက် အကျိုးပြုမယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ချင်းပြည်နယ်နဲ့ အိန္ဒိယက မိုင်ပေါင်း ၃၀၀ လောက် နယ်နမိတ်ချင်း ထိစပ်နေတယ်။ အိန္ဒိယ ဘက်ခြမ်း နယ်စပ်ဒေသတွေမှာ လေယာဉ်ကွင်းတွေ ထားတယ်။ ကျနော်တို့ဘက်မှာ မထားနိုင်သေးဘူး။ ဒါတွေ တင်ပြဖို့ ရှိတယ်။ အရင်က စာတမ်းလုပ်ပြီး တင်ပြထားတာလည်း ရှိတယ်။ မဟာဓာတ်အားလိုင်း ဆိုရင် ပြည်မက ထန်တလန်ကို ပေးနေတယ်။ ကျေးရွာတွေ အကုန် မီးပေးဖို့ နိုင်ငံတော်ကို တင်ပြဖို့ အစီအစဉ် ရှိတယ်။
မေး။ ။ ထန်တလန်မှာ နွေရာသီ ရေရှားတာနဲ့ ပတ်သက်လို့ ဘာတွေ ဆောင်ရွက်ပေးဖို့ ရှိပါလဲ။
ဖြေ။ ။ လူသားတွေ အတွက် အရေးကြီးဆုံးက ရေ၊ နေ့စဉ်သောက်သုံးဖို့ မရှိမဖြစ်က ရေ၊ ရေကို အင်မတန်မှ လိုအပ်တယ်။ ချင်းပြည်နယ်မှာ ဘာလို့ ရေရှားသလဲ ဆိုရင် ရွှေ့ပြောင်းတောင်ယာစနစ် ကျင့်သုံးတယ်။ သစ်ပင်တွေ ခုတ်တယ်။ မီးရှို့တယ်၊ မီးရှို့တော့ တောတွေ ပြုန်းတယ်။ တောတွေ ပြုန်းတော့ ရာသီဥတု ဖောက်ပြန်တယ်။
အဲဒါကြောင့် စီမံကိန်းကျကျ တောင်ကတုံး နေရာမှာ ဒေသနဲ့ ကိုက်ညီတဲ့ ကျွန်းသစ်နဲ့ ထင်းရှူးစိုက်ပြီး နှစ်ပေါင်း ၂၀ ကြာရင် သစ်တောတွေ ဖြစ်လာမယ်။ သစ်တောဖြစ်လာတဲ့ အခါမှာ ရှားပါးတဲ့ ရေ ပြန်ပြည့်လာမှာက နံပတ် ၁ အချက်။ လောလောဆယ် အနေအထားအရ ရေရှားလာတဲ့ အတွက် သောက်သုံးရေ ပေးဝေနိုင်မှု အရေးကြီးတယ်။
UNDP မှာ အလုပ် လုပ်ခဲ့စဉ်က ရွာပေါင်း ၉၀ မှာ ၅၂ ရွာကို ရေသွယ်ပေးတယ်။ ဒါပေမယ့် ရေသွယ်ပြီးရင် ၄/၅ နှစ် ကြာရင် ရေခန်းရော။ နောက်တခါ ရေအရင်းအမြစ် ပြန်ရှာတယ်။ အစိုးရက ရေရှားပါးတဲ့ ဒေသတွေကို ပြီးပြည့်စုံအောင် ပံ့ပိုးကူညီ ပေးနိုင်ခြင်း မရှိသေးဘူး။
အဲဒါကြောင့် ရေရှားပါးတဲ့ ဒေသတွေကို သောက်ရေ ပေးနိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ လွှတ်တော်မှာ တင်ပြသွားမှာ ပါ။ နိုင်ငံတော်က ကူညီရင် ဒီပြသနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ ဒီလို ဖြေရှင်းပေးရင် ပြည်သူတွေ ကျန်းမာရေး ပိုကောင်းလာမယ်။
မေး။ ။ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေဖန်လေ့ရှိတဲ့ မဲဆွယ်စဉ်က လာကြပြီး မဲလည်းနိုင်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ရော မျက်နှာတောင် မမြင်ရဘူး ဆိုတဲ့ ပြောဆိုချက် အပေါ် ဘယ်လို ဖြေရှင်းသွားမလဲ။
ဖြေ။ ။ မဲဆွယ်ကာလ ရက်ပေါင်း ၆၀ အတွင်းမှာ ရွာပေါင်း ၉၀ နီးပါး အကုန် ရောက်ခဲ့တယ်။ ပြည်သူကို တရားဟောတဲ့ အခါမှာ ကျောင်းဆောက်ပေးမယ် ဟေ့ စတဲ့ ဘယ်ကတိမှ မပေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလည်း မလုပ်နိုင်တာကို ကတိ မပေးနဲ့လို့ ပြောတယ်။ အဲဒါကြောင့်မို့ မဲဆွယ်ကာလမှာ ဘာကတိမှ မပေးဘူး။
လိုအပ်ချက်တွေ အကုန်မှတ်တယ်။ ဘယ်ရွာမှာ ရေရှားသလဲ၊ ဘယ်ရွာမှာ တံတားထိုးပေးဖို့ လိုမလဲ။ ဘယ်နှရွာမှာ လမ်းတိုးချဲ့ ပေးဖို့ လိုမလဲ။ ဘယ်ရွာနဲ့ ဘယ်ရွာက ကားလမ်း၊ ဆိုင်ကယ်လမ်း မပေါက်သေးဘူးလဲ။ ကျနော် မှတ်တယ်။
အဲဒါကို ပြည်နယ်အစိုးရက တဆင့်၊ လွှတ်တော်က တဆင့် လုပ်ထုံးလုပ်နည်းနဲ့ အညီ တင်ပြသွားမှာပါ။ ဆွေးနွေးပြီးတော့ အစိုးရက ပံ့ပိုးပေးနိုင်တဲ့ အခါမှာ ပြည်သူ့ လိုအပ်ချက် နစ်နာချက်၊ တကယ့်လိုအပ်ချက်ကို ကြိုးစားပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ။