သတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်ရောက်ပြီလဲ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) နှင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ရလဒ်အနေဖြင့် အချို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့လူမျိုး၊ မိမိတို့ဒေသတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကြီးမားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ လူထုအခမ်းအနားများအဖြစ် တရားဝင် ဦးဆောင်ကျင်းပနိုင်ကြပြီဖြစ်သည်။

အချို့လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူအများအပြားနှင့် ညှိနှိုင်းဆွေးနွေးပြီး ဖက်ဒရယ်မူများအပါအဝင် အခြားပေါ်လစီရေးရာကိစ္စများကို စုဆောင်းပြင်ဆင်ထားနိုင်ပြီဖြစ်သည်။ ထို့အပြင် လူမျိုးစုအုပ်စုများအတွင်း တပြိုက်နက် ဆွေးနွေးပွဲများကို ရှားရှားပါးပါး အခွင့်အလမ်းအနေဖြင့် ကျင်းပနိုင်ခြင်း ဖြစ်သည်။ မြို့ကြီးများတွင် ဤသို့ပြုလုပ်နိုင်ခြင်းမှာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။

သို့သော် ထို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ခွင့်ပြုသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် (Framework for Political Dialogue) တွင် စိန်ခေါ်မှုများရှိနေပြီး ထိုစိမ်ခေါ်မှုများကို ကျော်လွားရဦးမည်ဖြစ်သည်။

မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူအများစု မရှင်းသည့်အချက်များစွာရှိနေသည်။ NCA၊ ငြိမ်းချမ်းရေးစာချုပ်၊ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်၊ ၂၁ ရာစု ပြည်ထောင်စုညီလာခံ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စသဖြင့် သတင်းမီဒီယာများ တွင် ကြားနေရသော်လည်း ၎င်းတို့တခုခြင်းစီ၏အခန်းကဏ္ဍနှင့် ၎င်းတို့အချင်းချင်း ဆက်စပ်မှုကို လူအများစု နားလည် သိရှိရန် အရေးကြီးသည်။

NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ဆိုသည်မှာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ပါ။ NCA စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်သည်နှင့် ငြိမ်းချမ်းရေး ချက်ခြင်းရသွားမည်မဟုတ်ပါ။ NCA ၏ အဓိက ရည်ရွယ် ချက်မှာ တိုက်ပွဲများရပ်စဲသွားရန်သာဖြစ်ပြီး အကြေအလည်ဆွေးနွေးရမည့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို နိုင်ငံဆွေး နွေးပွဲတွင် ဆက်လက်ဆွေးနွေးသွားရန်ဖြစ်သည်။ ထိုနိုင်ငံရေးဆွေးနွေးပွဲတွင် တက်ရောက်သင့်သည့် ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်အရေအတွက်၊ ဆွေးနွေးမည့်အကြောင်းအရာများ၊ ဆုံးဖြတ်ချက်ချမည့်စနစ်၊ စီမံခန့်ခွဲမည့်စနစ်များစသည် တို့ကို ရေးဆွဲပြဌာန်းသည့် လုပ်ထုံးလုပ်နည်းကို နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဟု ခေါ်သည်။

ထိုမူဘောင်တွင် နိုင်ငံရေးဆွေးနွေးပွဲ ၂ ဆင့်ရှိသည်။ တဆင့်မှာ ၂၁ ရာစုပင်လုံဟု အသိများသော ပြည်ထောင်စုအဆင့် ညီ လာခံဖြစ်သည်။ ထိုညီလာခံသည် တစ်ကြိမ်ကျင်းပပြီးသည်နှင့် ပြီးသွားမည်မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အဖြေမရမချင်း ပုံမှန်ကျင်းပသွားရန်ဖြစ်သည်။

နောက်တဆင့်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်သည်။ ထို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးအစား ၃ မျိုး ထပ်ခွဲထားသည်။ ၎င်းတို့မှာ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေသအလိုက် နိုင်ငံရေးဆွေး နွေးပွဲနှင့် အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲတို့ဖြစ်သည်။ ဤအဆင့်မှ ရလာသော ဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စု အဆင့်သို့ တင်သွင်းပြီး ဆွေးနွေးဆုံးဖြတ်ချက် ချသွားရန် ဖြစ်သည်။

ဖေဖော်ဝါရီလမှ စ၍ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ၆ ကြိမ် ကျင်းပပြီးဖြစ်သည်။ သုံးခုမှာ ကရင်၊ ချင်း၊ ပအိုဝ်း လူမျိုးအလိုက်ဆွေးနွေးပွဲ (ethnic-based dialogue) ဖြစ်သည်။ နှစ်ခုမှာ ပဲခူး နှင့် တနင်္သာရီတွင် ကျင်းပသည့် ဒေသအလိုက် ဆွေးနွေးပွဲဖြစ်ပြီး အခြားတခုမှာ အကြောင်းအရာအလိုက် ဆွေးနွေးပွဲဖြစ်သည်။ ၎င်းကို CSO Forum (အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်) ဟုလည်း ခေါ်သည်။

အမျိုးသားအဆင့် ဆွေးနွေးပွဲများသည် ပြည်နယ်/တိုင်း အသီးသီးက လက်တွေ့ ရင်ဆိုင်နေရသည့် ပြဿနာများနှင့် ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်စနစ်၊ အရပ်သားများ လုံခြုံရေးနှင့် ဘဝအဆင် ပြေရေးတို့ အတွက် အချက်အခြာ အရေးပါသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသင့်သည်။ သို့သော် လက်ရှိမူဘောင် သည် ဤအခြေအနေများကို ခွင့်မပြုပေ။ ဖက်ဒရယ်တည်ဆောက်ရေးအတွက် အဓိပ္ပာယ် ပြည့်ဝသော ဆွေးနွေးပွဲများ ကျင်းပမည် ဆိုပါက ထိုဆွေးနွေးပွဲများသည် လက်ရှိ ပြည်နယ်နှင့် တိုင်း အဆင့်တွင် ထိထိရောက်ရောက် ကျင်းပရမည် ဖြစ်သည်။ ပြည်ထောင်စုအဆင့်မှ ထိန်းချုပ်ထားသည့် ဆွေးနွေးပွဲများမဟုတ်ပဲ ပြည်နယ်နှင့် တိုင်းအသီးသီးက လွတ်လပ်စွာ ကျင်းပပြီး အောက်ခြေမှ အဖြေရှာသည့် ဖြစ်စဉ်ဖြစ်ရန်လိုသည်။

NCA အရ ထိုမူဘောင်အား ရေးဆွဲ အတည်ပြုပြီးမှ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် သဘောတူထားသော်လည်း ထိုမူ ဘောင်ကို အပြီးမသတ်ခင် ဆွေးနွေးပွဲများ ကျင်းပနေကြောင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံ နောက်တကြိမ်ထပ်မလုပ်ပဲ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို အရင်အပြီးသတ် ဆွေးနွေးအတည်ပြုပြီးသည့်အချိန်မှ ညီလာခံကျင်းပရန် NCA လက်မှတ် မထိုးထားသည့် UNFC မဟာမိတ်တပ်ပေါင်းစုက ထောက်ပြထားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ထောက်ခံသူများက ထိုထက်ကောင်းသော ရွေးချယ်စရာမရှိဟု ဆိုသည်။ လက်ရှိအနေအထားအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးအတွက် နည်းလမ်းတခုဖြစ်သော် လည်း ထိုဆွေးနွေးပွဲများနှင့် ပတ်သက်၍ ကောင်း၏ ဆိုး၏ ကို လျစ်လျူမရှုသင့်ပေ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး အစိုးရနှင့် တပ်မတော်မှ ၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) မှ ၅ ဦး နှင့် နိုင်ငံရေးပါတီများမှ ၅ ဦး ဖြင့် ဖွဲ့စည်းထားသည်။
အစိုးရ၏ ကိုယ်စားလှယ်များတွင် ယခင် စစ်အရာရှိဟောင်း နှစ်ဦး၊ လက်ရှိဗိုလ်ချုပ်တဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တဦးနှင့် အရပ်သားတဦးတို့ ပါဝင်သည်။ EAO နှင့် နိုင်ငံရေးပါတီများတွင် EAO ၈ ဖွဲ့ နှင့် နိုင်ငံရေးပါတီ ၂၂ ပါတီ၏ သက်ဆိုင်ရာ မူဝါဒများ၊ အဖွဲ့အစည်းရေးရာများ၊ အကျိုးစီးပွားများ မတူညီနိုင်သောကြောင့် တစုတစည်းတည်း အမြဲမဖြစ်နိုင်ခြင်း၊ ကိုယ်စားလှယ်တဦးချင်းစီ၏ အခြေအနေ (personality dynamics) ကွာခြားခြင်း တို့ကြောင့် အစိုးရကိုယ်စားလှယ်အစုအဖွဲ့သည် EAOs နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ထက် ပိုမို အားကောင်းပုံရနေသည်။ သို့ရှိရာ ဆုံးဖြတ်ချက်ချရာတွင် EAO နှင့် နိုင်ငံရေးပါတီက အစိုးရအပေါ် သြဇာသက်ရောက်နိုင်ခြေမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထို့အပြင် အမျိုးသားအဆင့် ဆွေးနွေးပွဲ ဟူသော အမည်ကိုကပင် ရှုပ်ထွေးစေသည်။ အမျိုးသားဟူသော စကားလုံးသည် ဤနေရာတွင် တနိုင်ငံလုံးကို ကိုယ်စားမပြု။ ပြည်နယ်/တိုင်း အဆင့်ဆွေးနွေးပွဲလည်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နေပြည်တော်တွင်ကျင်းပသည့် CSO Forum ကို ပြည်နယ်/တိုင်း အဆင့်တွက် လှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်းသာ မဟုတ်ဘဲ နိုင်ငံတဝှမ်းရှိ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခြင်းကြောင့်ဖြစ်သည်။ ပထဝီကို မရည်ညွန်းဘဲ ကရင်၊ ချင်း၊ ပအိုဝ် ဆွေးနွေးပွဲဟု ကျင်းပသဖြင့် အမျိုးသားစကားလုံးကို လူမျိုးကိုယ်စားပြုဟုဆိုလျှင်လည်း မဟုတ်ပြန်။ ဒေသအ လိုက်ဆွေးနွေးပွဲများ၊ အကြောင်းအရာအလိုက် ဆွေးနွေးပွဲများ ရှိနေခြင်းကြောင့်ဖြစ်သည်။ တနိုင်ငံလုံးလည်းမဟုတ်၊ sub-national (ပြည်နယ်/တိုင်း နယ်နိမိတ်) ချည်းလည်းမဟုတ်၊ လူမျိုးချည်းလည်း မဟုတ်ပါ။

တိုတိုပြောရပါက ထိုဝေါဟာရ၏ အဓိပ္ပာယ်မှာ မရှင်းလင်းပေ။ သို့သော် အထင်အရှားတွေ့ရသည်မှာအချက်မှာ ဤ အမျိုးသားအဆင့် ဆွေးနွေးပွဲများသည် ပြည်နယ်နှင့် တိုင်း တခုချင်းစီအတွင်းရှိ မတူကွဲပြားသော၊ ပဋိပက္ခဖြစ်နေသော လူမျိုးစု၊ ဘာသာရေးနှင့် အစိုးရ၊ လက်နက်ကိုင်၊ အတိုက်အခံ စသဖြင့် အမျိုးမျိုးကွဲပြားသော အစုအဖွဲ့များအကြား ပြည်နယ်နှင့် တိုင်းအဆင့်တွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခွင့် ရှိမနေသေးခြင်းဖြစ်သည်။

ကရင်၊ ရှမ်း၊ ပအို့၊ ချင်း အစရှိသည့် လူမျိုးစု အခြေပြု သီးသန့်ဆွေးနွေးပွဲများကိုသာ ပေါ်ပေါက်စေသည်။ လူမျိုးစုကြား ဆွေးနွေးညှိနှိုင်းကာ အချင်းချင်းနားလည်မှုနှင့် အဖြေရှာရမည့်အစား သူ့လူမျိုး၊ ကိုယ့်လူမျိုး အကွဲမှ အမျိုးသားရေးဝါဒကို အားပေးရာ ရောက်သွားနိုင်သည် (မှတ်ချက် – အမျိုးသားရေးဝါဒနှင့် ကိုယ့်လူမျိုး အကျိုးပြုရေးစိတ်ဓာတ်သည် သီးခြားစီ ဖြစ်သည်)။

ပြည်နယ်နှင့် တိုင်း တခုချင်းစီအတွက် ဆုံးဖြတ်ချက်များကို ထိုပြည်နယ်နှင့် တိုင်းတွင်းရှိ လူမျိုးစုများ၊ အဖွဲ့အစည်းများက အကြေအလည် ဆွေးနွေးဆုံးဖြတ်သင့်သည်။ သို့သော် ယခု အမျိုးသားအဆင့် ဆွေးနွေးပွဲများတွင် လူမျိုးစုတခုချင်းစီ ကြား တွင်သာ ဆွေးနွေးထားပြီး ထိုဆွေးနွေးပွဲရလဒ်များကို ပြည်နယ်/တိုင်း အတွင်းရှိ အခြား အစုအဖွဲ့များနှင့် ဆွေးနွေးခြင်းမ ပြုရသေးမှီ ပြည်နယ်/တိုင်းအဆင့်ကိုကျော်ကာ ပြည်ထောင်စုအဆင့်မှ ဆုံးဖြတ်ချက်ရယူနေရသည်။

ဤအချက်သည် လက်တွေ့မကျပါ။ အဘယ်ကြောင့်ဆိုသော် –

နိုင်ငံရေးဆွေးနွေးပွဲတွင် သတ်မှတ်ထားသည့် ခေါင်းစဉ် ၅ ခု မှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးနှင့် မြေယာ/ သ ဘာဝပတ်ဝန်းကျင်ကိစ္စများဖြစ်သည်။ ပြည်ထောင်စုအဆင့် UPDJC တွင် ထိုခေါင်းစဉ် ၅ ခုကို ဆွေးနွေးရန် လုပ်ငန်း ကော်မတီ ၅ ခု ဖွဲ့ထားသည်။ ကော်မတီတခုသည် အကြောင်းအရာတခုကို တာဝန်ယူရန်ဖြစ်ပြီး ကော်မတီတခုတွင် အဖွဲ့ဝင် ၁၅ ဦးစီပါသည်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို ထို ကော်မတီထံ တင်သွင်းရမည်ဖြစ်ပြီး ထိုကော်မတီက ကိစ္စတခုချင်းစီအတွက် ရွေးချယ်စရာအဖြေ ၃ ခုစီ ရွေးချယ်ပေးရမည်။

ထိုကော်မတီများကို ဖွဲ့စည်းထားပုံမှာလည်း လုပ်ငန်းစဉ် လက်တွေ့ကျမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အကြောင်းအရာများအပေါ် ဆုံးဖြတ်ချက်ချနိုင်လောက်သည့် ကျွမ်းကျင်မှုသည် အရေးကြီးသည့် ကိစ္စဖြစ်သည်။ ထို့အပြင် ထိုကော်မတီဝင်များသည် ၎င်းတို့ဆုံးဖြတ်ချက်ပေးရမည့် ပြည်သူများအား နိုင်ငံရေးအရ၊ ဒေသအရ၊ လူမျိုးစုအရ ကိုယ် စားပြုချင်မှ ပြုလိမ့်မည်။

ဥပမာအားဖြင့် ဆိုရပါက ပအို့ဝ်ကိုယ်စားလှယ် ပါဝင်ခြင်း မရှိသော နိုင်ငံရေးကော်မတီသည် ပအိုဝ့်အဆိုပြုချက်ကို မည်ကဲ့ သို့ ဆုံးဖြတ်ချက် ချနိုင်ပါမည်နည်း။ အလားတူပင် မြန်မာနိုင်ငံအလယ်ပိုင်းမြေပြန့်ဒေသနှင့် တောင်တန်းများမှ လူများဖြင့် ဖွဲ့စည်းထားသော ကော်မတီသည် ကမ်းရိုးတန်းဒေသမှ လူများအတွက် မည်သို့ဆုံးဖြတ်ချက်များ ချနိုင်မည်နည်း။

ကော်မတီဝင်များသည် အင်အားကြီးမားသော တပ်မတော်နှင့် ငြင်းခုံရန်လိုသည့် အခြေအနေမျိုး ရှိလာပါက ၎င်းတို့တာဝန် မခံသော၊ ကိုယ်စားမပြုသော သူများအတွက် တကယ်ငြင်းခုံပါမည်လား။

အချုပ်အားဖြင့် ဆိုရပါက လက်ရှိအမျိုးသားအဆင့် ဆွေးနွေးပွဲများသည် ပြည်နယ်/တိုင်းအခြေပြု ဆွေးနွေးပွဲ မပါလျှင် သင့်တင့်သော ရလဒ်ရနိုင်မည့်ပုံ မရှိပေ။ ရှမ်းပြည်နယ်အရေးအတွက် အခြားပြည်နယ်မှ ကိုယ်စားလှယ်များက ဆုံးဖြတ် ချက်ချရန်မဖြစ်နိုင်သကဲ့သို့ ရှမ်းပြည်နယ်၏ လိုအပ်ချက်များ၊ ပြသနာများ၊ ကိစ္စရပ်များကိုလည်း နားလည် မည်မဟုတ်ပါ။
ပြည်နယ်တခုချင်းရှိ အစုအဖွဲ့များက မိမိပြည်နယ်အတွက် မိမိတို့လိုအပ်သည့် အဖြေကို အကြေအလည်ဆွေးနွေး အဖြေရှာခြင်းမဟုတ်ပဲ အပြင်မှကိုယ်စားလှယ်များက ဆုံးဖြတ်မည်ဆိုပါက လက်တွေ့လည်းမကျပါ။ ဆုံးဖြတ်ချက်များကို လည်း လက်ခံချင်မှလက်ခံလိမ့်မည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရနှင့် လူထုအခြေပြု အဖွဲ့အစည်းများကို ၂၀၁၂ ကတည်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အကြံပေးလာသည့် ပညာရှင်များက အဆင့်သုံးဆင့် ဖက်ဒရယ်ညှိနှိုင်းမှုလုပ်ရန် အကြံပြုထားသည်။

ပထမအဆင့်တွင် ပြည်ထောင်စုညီလာခံမှ တနိုင်ငံလုံးနှင့်သက်ဆိုင်သည့် အခြေခံအခွင့်အရေးများနှင့် ဖက်ဒရယ်မူများ ချမှတ်ရန်ဖြစ်သည်။

ဒုတိယအဆင့်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းတခုချင်းစီရှိ အစုအဖွဲ့များ (အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ လွှတ်တော်၊ လူမှုအခြေပြု အဖွဲ့အစည်းများစသဖြင့်) က မိမိတို့ ပြည်နယ်/တိုင်းအတွက် မိမိတို့လိုချင်သည့် ဖက်ဒရယ် စနစ် ကို မိမိတို့အချင်းချင်းကြား ဆွေးနွေးညှိနှိုင်း အဖြေရှာရန်ဖြစ်သည်။ ရရှိလာသောဖက်ဒရယ်စနစ်ကို ထို ပြည်နယ်/တိုင်း အ စိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်း၊ လွတ်တော်၊ လူထုအဖွဲ့အစည်းမှ ရွေးချယ်သော ကိုယ်စားလှယ်အဖွဲ့က ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းရန်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်နယ်/တိုင်းအသီးသီး၏ ကိုယ်စားလှယ်များသည် မိမိတို့ပြည်နယ်အတွက် လိုချင်သည့် ဖက်ဒရယ် စနစ်ကို ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းရန်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းများသည် အခြေ အနေများ၊ လိုအပ်ချက်များ ကွဲပြားသောကြောင့် ပြည်နယ်တခု၏ ဖက်ဒရယ်စနစ်သည် တခြားတခုနှင့် တူညီမည် မဟုတ်ပေ။

တတိယအဆင့်မှာ ပြည်နယ်နှင့် တိုင်းတခုစီအတွက် ညှိနှိုင်းရရှိသော ရလဒ်များကို ပြည်ထောင်စုညီလာခံတွင် တရားဝင် အသိအမှတ်ပြုသွားရန်ဖြစ်သည်။

ဤသို့လုပ်ဆောင်ရေးသည် အသစ်အဆန်း မဟုတ်သလို မဖြစ်နိုင်သည်လည်း မဟုတ်ပေ။ ကရင်နီ၊ မွန်နှင့် ရှမ်းပြည်ရှိ အရပ်ဘက်အဖွဲ့အစည်းများသည် ပိုမိုလက်တွေ့ကျသည့်  ပြည်နယ်အခြေပြု ဆွေးနွေးပွဲ မူဘောင် (state-based dialogue framework) များကို ၂၀၁၄-၂၀၁၅ ကတည်းက ညှိနှိုင်းရေးဆွဲထားပြီးဖြစ်သည်။ ထို့အပြင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (Committee for Shan State Unity – CSSU)၊ ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (Karen Unity and Peace Committee – KUPC) နှင့် ကရင်နီအမျိုးသားညီလာခံ (Karenni National Conference) စသဖြင့် စတင်ပြီး အစုအဖွဲ့ များကို စုစည်းထားပြီး ဆွေးနွေးမှုများရှိလာရေးအတွက် လိုအပ်သည့် လုပ်ငန်းဆောင်တာများအား ဆောင်ရွက် ထားပြီးဖြစ် သည်။ အခြားပြည်နယ်၊တိုင်းများတွင်လည်း အလားတူ စုစည်းမှုများရှိနေပြီဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်သူများသည် ပြည်ထောင်စုအဆင့်ထိန်းချုပ်မှုအောက်တွင် ငြိမ်းချမ်းရေး ယန္တယား အသစ်များ ပြန်စလုပ်ခြင်းထက် အဆိုပါရှိနှုင့်ပြီးသား ကော်မတီများ၊ ပြည်နယ်အခြေပြုဆွေးနွေးပွဲမူဘောင်များကို ပိုမိုခိုင်မာ အောင်သာ ပံ့ပိုးသင့်ပေသည်။

နိုင်ငံရေးဆွေးနွေးပွဲများသည် ဗဟိုချုပ်ထိန်းမှုအောက်မဟုတ်ဘဲ ပြည်နယ်၊ တိုင်းအဆင့်တွင် လွတ်လပ်စွာ ရှိသင့်သည်ဖြစ်သော်လည်း အရေးကြီးသော အခြေခံမေးခွန်းတခုကျန်ရှိနေသေးသည်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများသည် အချိန်အခါ ကိုက်ညီမှုရှိရဲ့လား သို့မဟုတ် အာရုံလွှဲခြင်း လမ်းလွှဲခြင်း သက်သက်သာ ဖြစ်ပါသလား ဟူသည့် မေးခွန်းဖြစ်သည်။

ဆိုလိုသည်မှာ လတ်တလော အရေးကြီးသော ပဋိပက္ခများမှာ လူ့အသက်ကို စိုးရိမ်ကြောက်လန့်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှု များလည်း ဖြစ်နေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့မှ ပဋိပက္ခများ ဖြစ်သည်။ သို့ သော် ရန်ကုန်၊ နေပြည်တော်နှင့် အခြားနေရာများတွင် လူရာပေါင်းများစွာတို့သည် ထိုမျှ အရေးမကြီးသော ကိစ္စများအတွက် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ စာတမ်းဖတ်ပွဲများ၊ ညီလာခံများ ကျင်းပရင်း လွန်စွာ အလုပ်ရှုပ် နေကြသည်။

ပဋိပက္ခများကို ကျော်လွှားရာတွင် အပြုသဘောဆောင်သော အမြင်များ၊ အကောင်းမြင်တတ်ခြင်းများသည် အရေးကြီး သည်။ သို့သော် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အားနည်းချက်များ အမှားများသည် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်။ အကောင်းမြင်ခြင်းခေါင်းစဉ်အောက်တွင် ထိုအမှားများကို လျစ်လျူမရှုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ယခု ရှိနှင့်သော နိုင်ငံရေးဆွေးနွေးပွဲများသည် လတ်တလောအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုသည်မှာ လူအများအပြားအတွက် သေရေးရှင်ရေး ဖြစ်နေဆဲဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ဒေါက်တာ စိုင်းလတ် ၏ Burma’s National Dialogue: Where Now? ကို ဆီလျော်အောင် ဘာသာပြန်တင်ပြခြင်း ဖြစ်သည်။ ၎င်းသည် ကနေဒါနိုင်ငံ Simon Fraser University မှ ဒေါက်တာဘွဲ့ ရပြီး ပဋိပက္ခ၊ နေရပ်စွန့်ခွာခြင်း၊ ဒေသတွင်းဖွံ့ဖြိုးရေး ကိစ္စများကို သုတေသနပြုလျက်ရှိသည်။)

Loading