သတင်း

သမ္မတဦးထင်ကျော် တရုတ်နိုင်ငံ သွားမည်

နှစ်နိုင်ငံအကြား နိုင်ငံရေး၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရန် သမ္မတ ဦးထင်ကျော်နှင့် သူ၏ ဝန်ကြီးသုံးဦးတို့သည် ကြာသာပတေးနေ့တွင် တရုတ်နိုင်ငံသို့ ၆ ရက်ကြာ သွားရောက် လည်ပတ် ကြမည် ဟု သမ္မတ၏ ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့က ပြောသည်။

သမ္မတနှင့် ဝန်ကြီများ ဖြစ်သော နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်တို့သည် ၎င်းတို့နှင့် အဆင့်တူ တရုတ်အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမည် ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

သမ္မတ ရှီကျင့်ပင် နှင့် အခြား တရုတ်အရာရှိများသည် တရုတ်နိုင်ငံသို့ နိုင်ငံအကြီးအကဲအဖြစ် ပထမဆုံး အကြိမ် လာရောက်မည့် သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ ဦးထင်ကျော်သည် ဘေကျင်း အပြင် အခြားသော နေရာများသို့လည်း သွားရောက်လည်ပတ်မည် ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

အခြား အသေးစိတ်များကို ခရီးစဉ် စတင်ပြီးနောက် ထုတ်ပြန်မည် ဟု ဦးဇော်ဌေးက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာပြီးနောက် ဒေါ်လာဘီလီယံများစွာ တန်သော မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည် စတင်ရေး အတွက် တရုတ်က ဆော်သြလာသည်။ ထိုရေကာတာကို တရုတ်နိုင်ငံ၏ ငွေကြေးနှင့် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်နေသည်။ ထိုစီမံကိန်းကို လူထုက အကြီးအကျယ် ကန့်ကွက်ခဲ့ပြီးနောက် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ရပ်ဆိုင်းခဲ့သည်။

ယခုခရီးစဉ်အတွင်း ထိုအငြင်းပွားဖွယ် စီမံကိန်းနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများတွင် ပါဝင်သည်၊ မပါဝင်သည်ကို ဦးဇော်ဌေးက ပြောကြားခြင်း မရှိပေ။ ဧရာဝတီ မြစ်ပေါ်တွင် တည်ဆောက်မည့် အဆိုပါ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းများကို ကော်မရှင်တရပ် ဖွဲ့စည်းကာ လေ့လာသုံးသပ် အကဲဖြတ် စစ်ဆေးနေသည် ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက် မလည်ပတ်မီ တပတ်အလိုတွင် ထိုကော်မရှင်ကို သြဂုတ်လ ၁၂ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

ဧရာဝတီ မြစ်ကြောင်း တလျှောက်ရှိ မည်သည့် စီမံကိန်းမဆို၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ သက်ရောက်မှုများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန် ထိုကော်မရှင်ကို တာဝန်ပေးထားသည်။

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော အဖွဲ့ဝင် ၂၀ ပါ ကော်မရှင်ကို ယခုသမ္မတ၏ တရုတ်ခရီးစဉ်တွင် လိုက်ပါမည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဒုုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင်လည်း ဒုုဥက္ကဋ္ဌ တာဝန်ယူထားသည်။

ဦးထင်ကျော် သမ္မတ ရာထူးလက်ခံပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်မှာ လွန်ခဲ့သော မေလက လာအိုခရီးစဉ် ဖြစ်ပြီး နောင်တွင် အိန္ဒိယ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အကြား အထက်တန်းအရာရှိများ အပြန်အလှန် သွားရောက်လည်ပတ်မှု အကြိမ် အရေအတွက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာလက်ခံယူပြီးချိန်မှ စ၍ တိုးတက်လာသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီသည် လူထုခေါင်းဆောင် လွန်ခဲ့သော ဧပြီလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အဖွဲ့သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ သည်။

တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီး ဂန်ဟစ်ချန် (Geng Huichang) သည် မြန်မာနိုင်ငံသို့ ဇူလိုင်လတွင် လာရောက်ခဲ့ပြီး ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ ဆောင်တောက် (Song Tao) သည် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်ခရီးစဥ ်အပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ခရီးစဉ်အတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသတွင် ဥပဒေအခြေခံ စီမံခန့်ခွဲရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

သုတေသီများက မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ရှုပ်ထွေး၍ အရေးပါသော အခန်း ကဏ္ဍကို မီးမောင်းထိုးပြကြသည်။   ။

Loading