ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများ နေဖြင့် တပ်ပေါင်းစု မှ ခွဲထွက် ကြမည် မဟုတ်ဘဲ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရရှိရေး ဆွေးနွေးညှိနှိုင်းခြင်း လမ်းကြောင်း အတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီ ၃ ရက်နေ့က စတင်ပြုလုပ်ခဲ့သော UNFC အရေးပေါ် အစည်းအဝေး၏ ဒုတိယ မြောက်နေ့ အတွင် UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုခြင်းဖြစ်သည်။
UNFC တပ်ပေါင်းစုမှ ခွဲထွက်ပြီး “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေး လမ်းစဉ်သစ် အတိုင်း လိုက်မည်ဟု သတင်းထွက်ပေါ်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ အနေ ဖြင့်လည်း NCA လမ်းကြောင်း အတိုင်း ဆက်ဆွေးနွေးရန် အရေးပေါ်အစည်းအဝေးတွင် သဘော တူညီမှု ရခဲ့သည်ဟု ဆိုသည်။
နိုင်ဟံသာ က “ရှမ်း (SSPP) တို့ ကချင် (KIO) တို့ ကလည်း ဒီ (NCA) လမ်းကြောင်း ကနေ ဆက်ဆွေးနွေး သွားဖို့ ဆိုတာ ကိုလည်း သူတို့က လက်ခံတယ်။ အဓိက ၉ ချက်ပေါ်မှာ ပိုပြီးတော့ ခိုင်မာအောင်ပေါ့။ အဲဒီ ၉ ချက်ကို အရင်က NCA မူနဲ့ ပေါင်းလိုက် ရင်တော့ ဆက်သွားနိုင်ဖို့ပေါ့” ဟု ပြောသည်။
UNFC အရေးပေါ်အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း မဟာမိတ်အဖွဲ့၏ အခန်းကဏ္ဍ၊ NCA လက်မှတ် ရေးထိုးပါက ၎င်းအဖွဲ့ဝင်များ ခွဲထွက်မည့်အခြေအနေများ ဖြစ်လာမလားဆိုသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် ကျင်းပခြင်း ဖြစ်သည်။
UNFC က အဆိုပြုထားသော အချက် ၉ ချက်ကိုတော့ အစိုးရကလည်း မူအားဖြင့် သဘောတူညီချက် ပေးထားပြီးဖြစ်သည်။
ထိုအချက် ၉ ချက်ထဲတွင် အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ၃ ပွင့်ဆိုင် ဆွေးနွေးရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တွင် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ ပါဝင်ရေး စသည့် အချက်များလည်း ပါဝင်သည်။
UNFC အဖွဲ့ဝင်များဖြစ်သော KIO နှင့် SSPP တို့အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် UWSA၊ မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် စစ်ရေး အရ ပူးပေါင်းမှုများ ရှိနေသော်လည်း တပ်ပေါင်းစု အတွင်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ရှိသွားဦးမည်ဖြစ်သည်ဟု ဆိုသည်။
SSPP အဖွဲ့မှ ဗိုလ်ချုပ်စိုင်းထူးက “၀ သဘောထားကျတော့ UNFC အဖွဲ့ဝင်တွေထဲက UNFC ဖျက်ပီးမှ ကျနော်တို့ ၀ ကို လာပေါင်းတယ်လို့ မပြောဘူး။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆွေးနွေး နိုင်ရေး အတွက်ကို နည်းလမ်း ဝိုင်းရှာရအောင် အဲ့လို ပြောထားတယ်။ ပြီးတော့ ကျနော်တို့ လက်တွဲနိုင်တဲ့အကြောင်း ဆန္ဒရှိတယ်။ ကျနော်တို့ UNFC က နှုတ်မထွက်ပါဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
အဖွဲ့ဝင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့်ဖွဲ့စည်းထားသော UNFC တပ်ပေါင်းစု၏ အရေးပေါ် အစည်းအဝေးကို ဧပြီ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အခြေအနေများ၊ ၂၀၁၆ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့သော မိုင်ဂျာယန်ညီလာခံတွင် ချမှတ်ခဲ့သည့် ဖယ်ဒရယ်မူ ဆိုင်ရာ အခြေခံမူများကိုလည်း ဆက်လက်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ထို့အတူ ယခုနှစ် ဖေဖော်ဝါရီက UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်း ထိပ်သီး အစည်းအဝေးနှင့် ပတ်သက်၍ မြောက်ပိုင်း အင်အားစုများနှင့် တောင်ပိုင်း အင်အားစုများ၏ အခြေအနေများကိုလည်း ပြန်လည်သုံးသပ်ကြကြောင်း UNFC အစည်းအဝေး တက်ရောက်သူ ခေါင်းဆောင်များက ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးက မတ်လ ၃၀ ရက်နေ့တွင် UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်ယူနီယမ်(LDU)၊ နှင့် ၀ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က NCA လက်မှတ်ရေးထိုးတော့မည်ဟု ကြေညာခဲ့သော်လည်း ထိုအဖွဲ့များက ၎င်းတို့အနေဖြင့် တရားဝင် ဆုံးဖြတ်ချက် မရှိသေးကြောင်း မီဒီယာများကို ပြောဆိုထားသည်။
“လက်မှတ်ထိုးဖို့ မထိုးဖို့ က UNFC သဘောထားပဲ ဖြစ်တယ်။ တောင်းဆိုချက် အားလုံးက အာမခံချက် ရှိပါ့မလား။ မပြေလည်ရင် ထပ်ညှိဖို့ ရှိတယ်။ အချိန်က အဖြေပေးမယ်” ဟု ဗိုလ်ချုပ်စိုင်းထူးက ဆိုသည်။
UNFC တပ်ပေါင်းစု အနေဖြင့် ယခင်က အပစ်ရပ် လက်မှတ်ထိုးပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးမူပေါ်တွင် ရပ်တည်ခဲ့သော်လည်း ယခုအခါ အပစ်ရပ်ပီးမှ အားလုံးပါဝင်ရေးကို ဆက်လက်ကြိုးပမ်းသွားမည့် အခြေအနေဆီ ပြောင်းလဲလာခဲ့သည်ဟု ဆိုသည်။
နိုင်ဟံသာက “AA၊ ပလောင် နဲ့ ကိုးကန့်အဖွဲ့တွေ က မြောက်ပိုင်းမဟာမိတ်နဲ့ ပူးတွဲပြီး ဒီ (NCA) လမ်းကို မလိုက်တော့ဘူး ဆိုတော့ တို့က အားလုံးပါဝင်ရေးလို့ ဟစ်အော်နေလို့ မရတော့ဘူး။ ဒါက အခြေအနေအရ ပြောင်းလဲလာတာ” ဟု ဆိုသည်။