၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြောဆိုရေးသားနေသည့် လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ်စန်းအောင် သည် အသက်အန္တရာယ် ပြုမည်ဆိုသော ခြိမ်းခြောက်မှုများ ဆက်တိုက်ခံနေရသည်ဟု ၎င်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောဆိုရေးသားနေမှုများ ရပ်တန့်ရန်နှင့် ဆက်လက် လုပ်ဆောင်နေ ပါ က သတ်ပစ်မည်ဟု တယ်လီဖုန်းမှတဆင့် ခြိမ်းခြောက်ပြောဆိုမှုများ မကြာခဏ ကြုံနေရကြောင်း ဦးရောဘတ်စန်းအောင် က ဧရာဝတီကို ပြောသည်။
“ရှေ့နေ ဦးကိုနီ အသတ်ခံရပြီး နောက်ပိုင်း မကြာခဏဆိုသလို ခြိမ်းခြောက်ခံနေရတာ၊ အထူးသဖြင့် ညပိုင်းတွေမှာ ဖုန်း ဆက်ပြီး ခြိမ်းခြောက်တတ်တယ်။ စိတ်ချောက်ချားအောင် လုပ်တဲ့သဘောပဲ။ အဲဒါကြောင့် အလုပ်တွေပျက်မှာစိုးလို့ ည ၉ နာရီ နောက်ပိုင်းဆို ဖုန်းပိတ်ထားရတယ်။ ကျနော်ကတော့ ခြိမ်းခြောက်မှုတွေ ရှိနေရင်လည်း လုပ်စရာရှိတာတွေကို ဆက် လုပ်သွားမှာ” ဟု ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
ခြိမ်းခြောက်မှုပြုသူသည် အမျိုးသားဖြစ်ပြီး တခါတရံတွင် အမျိုးသမီးအသံဖြင့် ခြိမ်းခြောက်မှုများလည်း ရှိကြောင်း၊ သို့သော် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ဖြစ်သည်ကို ခန့်မှန်းရခက်ခဲကြောင်း၊ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ထံ တိုင်ကြားထားမှု မရှိသေးကြောင်း၊ ခြိမ်းခြောက်သူသည် ၎င်းထံသို့ ညစ်ညမ်းဗီဒီယိုများ မကြာခဏ ပို့ဆောင်လေ့ရှိကြောင်း ဦးရောဘတ်စန်းအောင်က ဆက်ပြောသည်။
ဦးရောဘတ်စန်းအောင်က “ကျနော်တို့ဆီမှာ တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိတဲ့အတွက် ကျနော် တိုင်လည်း ထူးမှာ မဟုတ်တဲ့ အတွက် မတိုင်တာပါ။ ရှေ့က အမှုကြီးတွေတောင် တမှုမှ အမှုမှန် မပေါ်သေးတာပဲ” ဟုလည်း ဦးရောဘတ်စန်းအောင် က ပြောဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရပြီးနောက်ပိုင်း နယ်ဒေသများသို့ ဦးရောဘတ်စန်းအောင် ခရီးသွားရာတွင် အရပ်သားဝတ်စုံ ဝတ်ဆင်ထားသည့် ထောက်လှမ်းရေးဆိုသူတချို့၏ စစ်ဆေးမေးမြန်းမှုများကို ခံရကြောင်း၊ ထို့အတူ ၎င်း၏ နေအိမ်အနီးတွင်လည်း မသင်္ကာဖွယ်ရာလူတဦးက စောင့်ကြည့်မှုရှိပြီး ၎င်းအမြဲထိုင်လေ့ရှိသည့် လက်ဖက်ရည် ဆိုင်တွင်လည်း စောင့်ကြည့်မှုတချို့ ရှိနေကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။
ဦးရောဘတ်စန်းအောင် ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က မြန်မာ အာဏာပိုင်များက အရေးယူပေးရန်နှင့် ဦးရောဘတ်စန်းအောင်အား အကာအကွယ်ပေးရန် ဧပြီလ ၄ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။
ရှေ့နေ ဦးကိုနီ အသတ်ခံရပြီးနောက်ပိုင်း၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကြိုးပမ်းမှုများ မလုပ်ဆောင်ကြရန် ခြိမ်းခြောက်ရေးသားမှု တချို့ကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက လူမှုကွန်ရက် စာမျက်နှာများ၌ အကောင့် အမည် အမျိုးမျိုးဖြင့် ရေးသားမှုများရှိနေသည်ကိုလည်း တွေ့ရှိရသည်။