Myanmar Now သတင်းအေဂျင်စီ အယ်ဒီတာချုပ် ဦးဆွေဝင်း အနေဖြင့် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်မှ ဦးဝီရသူနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို ဝေဖန်ခြင်းသာဖြစ်၍ အသရေ ဖျက်ရာ မရောက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန က မှတ်ချက်ပြုလိုက်သည်။
“ဦးဆွေဝင်းသည် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များအပေါ် ဝေဖန်ခြင်းသာဖြစ်၍ ဦးဝီရသူကို အသရေဖျက်ရာ မရောက်ကြောင်း သုံးသပ်ရပါသည်” ဟု ဧပြီ လ ၅ ရက်နေ့က ဦးဆွေဝင်းထံ ပေးပို့လာသော သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ တုန့်ပြန် အကြောင်းကြားစာတွင် တွေ့ရသည်။
ဦးဆွေဝင်းက ဦးဝီရသူ နှင့် ပတ်သက်၍ ၎င်းအား မန္တလေး မဟာအောင်မြေ ရဲစခန်းနှင့် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် တရားရုံးတို့၌ စွပ်စွဲ တိုင်ကြားခံထားရမှုများနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ထံ ယခုလ ၄ ရက်နေ့က သဘောထားမှတ်ချက် တောင်းခံထားခြင်းအပေါ် တုန့်ပြန် အကြောင်းကြားခြင်း ဖြစ်ကြောင်းသိရသည်။
ဦးဆွေဝင်း၏ ပြောကြားချက်များသည် ကိုယ်ကျင့်သိက္ခာနှင့် အမှန်တကယ် ပြည်စုံသူကိုသာ ဂုဏ်သိက္ခာညှိုးနွမ်းစေလိုသော သဘောဆန္ဒဖြင့် ပြောကြားစွပ်စွဲပါက အသရေဖျက်ခြင်းဟူသော စကားရပ်နှင့် အကျုံးဝင်သော်လည်း ဦးဝီရသူ ပတ်သက်၍ ထိုကဲ့သို့ အကျုံးဝင်ခြင်းမရှိဟု တုန့်ပြန်အကြောင်းကြားစာတွင်ဆိုထားသည်။
ဦးဝီရသူသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ် တဦးပင် စောင့်စည်းအပ်သော ဝစီဒုစရိုက် ၄ ပါးကို ရဟန်းတော် တပါး အနေဖြင့် ကျူးလွန် နေသောကြောင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က တရားမဟောရန် တနှစ်တိတိ ပိတ်ပင် ခံထား ရသူ ဖြစ်သည့် အပြင် ဦးဝီရသူ မှတ်ချက်ပြုမိန့်ကြားချက်ကို အခြေခံ၍ သတင်းသမား တဦးအနေဖြင့် တဆင့် ဝေဖန်ဖော်ပြခြင်းသာဖြစ်သည်ဟု ဆိုသည်။
ထို့အတူ “ဦးဆွေဝင်း အနေဖြင့် ဦးဝီရသူနှင့် ပတ်သက်၍ ဝေဖန်ချက်များသည် သာသနာတော်နှင့် ပတ်သက်၍ မည်သည့် ငြိစွန်းချက်မျှ မရှိပါကြောင်း၊ ၎င်းအချက်များအရ ပုဒ်မ ၂၉၅ – က ကို ကျူးလွန်ရာမရောက်ကြောင်း တွေ့ရှိရပါသည်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန က ဆိုသည်။
ဦးဝီရသူကို နိုင်ငံတော်သံဃ မဟာနာယက(မဟန)အဖွဲ့က ယခုနှစ် မတ်လ ၁၀ ရက်ကစတင်ကာ တရားဟောခွင့် တနှစ်ပိတ်ပင်ထားသည်။ သို့သော်လည်း ဦးဝီရသူ က ပါစပ်ကို တိပ်ဖြင့်ပိတ်ကာ ၎င်းကိုယ်တိုင်ဟောကြားမှုမရှိသည့် တရားပွဲများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
ယင်းသို့ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ဦးဝီရသူအား အရေးယူ ပေးရန် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်း က မဟန နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ထံ မတ်လ ၂၈ ရက်နေ့က တင်ပြလျောက်ထားခဲ့သည်။
အလားတူ ဒေါပုံမြို့နယ်နေ ဦးမင်းလှိုင်ဆိုသူက ဦးဝီရသူ က ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအား အရက်သမား၊ ဘိန်းစား၊ ခွေး၊ သံဃာ တို့နှင့်ပေါင်းသင်းဆက်ဆံကြရန် တိုက်တွန်း ဟောကြားခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များကို အရှက်ရစေသည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေဖြင့် အရေးယူရန် ဒေါပုံမြို့နယ်တရားရုံးသို့ ဧပြီလ ၄ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့သည်။
ထိုနည်းတူ ဦးဝီရသူ အနေဖြင့် အကြမ်းဖက်မှုကို အားပေးအားမြောက်ဖြစ်စေသော ဟောပြော၊ ရေးသားခြင်းများ ပြုလုပ်သည်ဟု ဆိုကာ အရေးယူ ဆောင်ရွက်ပေးနိုင်ရေး အတွက် အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကို အခြေစိုက် Change.org ဝက်ဘ်ဆိုက်တွင် လူထုလက်မှတ်ကောက်ယူမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့သည်။