ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ အတွင်း စစ်ရှောင်စခန်း တချို့ရှိ အသက် ၁၉ နှစ်မှ ၃၅ နှစ် အတွင်း အလုပ်လုပ်နိုင်သည့် အမျိုးသားများအား ထောက်ပံ့မှု လျှော့ချထားကြောင်း စစ်ရှောင်စခန်း စီမံ ခန့်ခွဲရေး ကော်မတီက ပြောသည်။
ဖုန်လွယ်ယန် စခန်း တာဝန်ခံ ဦးတန်ဂွန်က “ထောက်ပံ့မှု လျှော့ချတာက လူတိုင်းကို မဟုတ်ပါဘူး၊ အလုပ်လုပ်နိုင်တဲ့ အလွတ်လူတွေကိုပါ၊ ဒါကလည်း စမ်းသပ်တဲ့သဘောဖြစ်ပြီး ဖုန်လွယ်ယန်နဲ့ ဝေကျိုင် စခန်းတွေက လူဦးရေ ၂၀၀ လောက်တော့ ပါပါတယ်”ဟု ပြောသည်။
အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့်လည်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်စပိုင်းက အစိုးရထိန်းချုပ်မှုအောက်ရှိ စခန်းတချို့တွင် နေထိုင်သူများသည် KIO ထိန်းချုပ် နယ်မြေထဲသို့ ထပ်မံပြောင်းရွှေ့လာမှုများရှိနေပြီး မဂ့ါယန် စခန်းဘက်မှ ဖုန်လွယ်ယန် စခန်းသို့ အိမ်ခြေ ၇၀ ခန့် ပြောင်း ရွှေ့လာသည်ဟု ဆိုသည်။
ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အရပ်ဘက် အဖွဲ့အစည်းများ၏ ပူးပေါင်း လုပ်ငန်စဉ်အဖွဲ့(JST) ၏ စာရင်းများ အရ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင် စခန်းများမှ တဆင့် ထပ်မံပြောင်းရွှေ့ခဲ့သူ ဦးရေသည် ၆၀၆၆ ဦး ရှိကြောင်း သိရသည်။
JST အဖွဲ့အတွင်းရေးမှူး ဦးဂွမ်ရှာအောင်က “စစ်ရှောင်ဒုက္ခသည်တွေကို ထောက်ပံ့မှု လျှော့ချတာက ပြဿနာ တွေ ရှိလာနိုင်ပါတယ်၊ လက်ရှိမှာသူတို့ရဲ့ စားဝတ်နေရေးအတွက် မလုံလောက်မှုတွေရှိနေပါတယ်၊ စစ်ရှောင်တွေနဲ့ ပတ်သက် လို့ အစိုးရရော တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကရော တာဝန်ရှိပါတယ်”ဟု ပြောသည်။
KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းများတွင် လူတဦးကို ၄၅ ရက်စာအတွက် ဆန် ၂၅ ကီလို ထောက်ပံ့ ပေးလျက်ရှိရာ KIO အောက်ရှိ စစ်ဘေး ဒုက္ခသည်များ ကူညီရေးကော်မတီ (IRRC) နှင့် ဗြိတိန်အခြေစိုက် အဖွဲ့ တခု တို့က ထောက်ပံ့လျက်ရှိကြောင်း ဦးတန်ဂွန်က ဆိုသည်။
အစိုးရထိန်းချုပ်မှုအောက်ရှိှ စစ်ရှောင်စခန်းတချို့တွင် ၂၀၁၆ ခုနှစ် နှစ်လယ်မှစတင်၍ ဆန်းရိက္ခာများအား KIA သို့ ထောက်ပံ့မှုများရှိနေကြောင်း စွပ်စွဲချက်ဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(WFP)၏ ထောက်ပံ့မှုများကို ရပ်တန့်စေခဲ့သည့် အတွက် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် စစ်ရှောင်စခန်းတခုမှ နောက်တခုသို့ ထပ်မံပြောင်းရွှေ့ အခြေချသူများအား လိုအပ်လျက်ရှိသည့် အစား အစာနှင့် ၎င်းတို့ အခြေချနေထိုင်ရာတွင် လိုအပ်သည့် အသေးသုံး ငွေကြေးအတွက် ထည့်သွင်း ထောက်ပံ့ပေးစေလို ကြောင်း JST အဖွဲ့က ပြောသည်။
ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များအနေဖြင့် အစိုးရနှင့် KIO ထိန်းချုပ်နယ်မြေ နှစ်ဘက်စလုံးတွင် လူဦးရေ ငါးသောင်းကျော်စီ ရှိနေပြီး ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကြောင့်လည်း လူဦးရေ သောင်းနှင့်ချီ၍ တရုတ်နိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။