အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် တပ်မတော်တို့ အကြား ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပင်လုံမြို့ မြောက်ဘက် ဆယ်မိုင်ခန့် အကွာရှိ နမ့်ဆိုင်း ကျေးရွာအနီးတွင် RCSS/SSA လှုပ်ရှားတပ်များနှင့် တပ်မတော် စစ်ကြောင်း ခလရ ၂၄၆ တို့အကြား ဧပြီ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီကစပြီး နာရီဝက်ခန့် အကြာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းငင်း က “ကျနော်တို့ လှုပ်ရှားနယ်မြေထဲကို လက်နက်နဲ့ စစ်သည် အင်အား ၆၀ လောက်ရှိတဲ့ တပ်မတော် စစ်ကြောင်းက အကြောင်း မကြားဘဲ ဝင်လာရာကနေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲကြောင့် ၎င်းတို့ဘက်တွင် ထိခိုက် သေဆုံးမှုမရှိဟု မြေပြင်သတင်းအရ သိရကြောင်း၊ ထို့အတူ တပ်မတော်ဘက် တွင်လည်း ထိခိုက်သေဆုံးမှု ရှိမရှိ မကြားသိရသေးကြောင်းနှင့် အနီးရှိ နမ့်ဆိုင်း ကျေးရွာကိုလည်း ထိခိုက်မှု မရှိကြောင်း ဒုဗိုလ်မှူးကြီး စိုင်းငင်း က ဆက်ပြောသည်။
ယခုတိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း ကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း လမ်းခရီး၌ ဖြစ်နေ၍ ဖြေကြားရန် မဖြစ်နိုင်သေးဟု ဆိုသည်။
RCSS/SSA ကတော့ အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရှင်းလင်းချက်ပေးနိုင်ရန်အတွက် ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ထံသို့ စာပို့အကြောင်းကြား ထားကြောင်း ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် ၎င်းတို့အကြား ပြည်နယ်အဆင့်၊ NCA အဆင့် သဘောတူညီချက်များအရ သက်ဆိုင်ရာ လှုပ်ရှားနယ်မြေများအကြား ဖြတ်သန်းသွားလာမှုများ ပြုပ်လုပ်မည်ဆိုပါက ကြိုတင်အကြောင်းကြားရန် သဘောတူညီချက် ရှိထားကြောင်း၊ ယခုဖြစ်ရပ်တွင် တပ်မတော် စစ်ကြောင်း အနေဖြင့် ၎င်းတို့ လှုပ်ရှားနယ်မြေ အတွင်းသို့ အကြောင်း မကြားဘဲ ဝင်ရောက် လာရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု RCSS/SSA ဘက်က ဆိုသည်။
“ဒီနေရာက ကျနော်တို့ လှုပ်ရှား နယ်မြေပါ။ ကျနော်တို့ ရှိမှန်းလည်း သူတို့ (တပ်မတော်) သိပါတယ်။ တကယ်ဆိုရင် နှစ်ဘက် သဘောတူထားချက်တွေအရ ဝင်လာမယ်ဆိုရင် ကျနော်တို့ကို ကြိုတင် အသိပေးရမှာပါ။ အကြောင်းမကြားဘဲ ဝင်လာရာကနေ ခုလိုဖြစ်သွားတာပါ” ဟု ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။
ပင်လုံမြို့နယ်တွင် တပ်မတော်နှင့် RCSS/SSA တို့အကြား ယနေ့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ၎င်းတို့ထံ အကြောင်းကြား လာကြောင်း၊ ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် အတွက် နှစ်ဘက်လုံးကို ပြန်လည် အကြောင်းကြား ထားကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMCU) အထောက်အကူပြု အလုပ်အဖွဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး က ပြောသည်။
ဒေါက်တာ မင်းဇော်ဦး က “အဓိက ကတော့ တပ်နေရာ ချထားရေးအပေါ်မှာ မူတည်ပါတယ်။ တပ်နေရာ ချထားရေး ကိစ္စ မပြီးပြတ်မချင်းကတော့ ဒါမျိုးတွေ ရှိနေမှာဘဲ၊ စစ်ရဲ့ သဘောသဘာဝ အရ တပ်ချိန်း၊ တပ်ပြောင်းတဲ့ အခါတွေမှာ လှုပ်ရှားတဲ့ အခါကြတော့ တွေ့ရင်တော့ပစ်ကြတာပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုရင်တော့ တပ်နေရာ ချထားရေး ကိစ္စကို ပြီးပြတ်အောင် လုပ်နိုင်မှဘဲ အဆင်ပြေမယ်” ဟု ဧရာဝတီသို့ ပြောသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော်လည်း နယ်မြေပြဿနာ အကြောင်းပြု၍ တပ်မတော် စစ်ကြောင်းများနှင့် မကြာခန တိုက်ပွဲဖြစ်ပွားသည်ကို တွေ့ရှိရပြီး ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲမတိုင်ခင် မတ်လ ၂၅ ရက်နေ့ ကလည်း မိုင်းပြင်းမြို့နယ်အတွင်း၌ တပ်မတော်စစ်ကြောင်းများနှင့် အလားတူ အခြေအနေမျိုး တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အလားတူ ယခုနှစ် မတ်လ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ အုံမုကျေးရွာအုပ်စု အနီးတွင် တပ်မတော် စစ်ကြောင်းနှင့် RCSS/SSA လှုပ်ရှားတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနှင့် ပတ်သက်၍ JMCU နှင့် JMC-S အကြား ဆွေးနွေးမှုပင် မပြီးပြတ်သေးကြောင်း ဒေါက်တာ မင်းဇော်ဦး က ပြောသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။