မန္တလေးကျူံးဘေးရှိ သင်္ကြန်မဏ္ဍပ်များ လေလံဆွဲရာမှ ရရှိလာသည့် အလှူငွေ ကျပ်သိန်း ၂ ထောင်ကျော် ကို လမ်းလျှောက် သင်္ကြန် ပြုလုပ်မည့် တောင်ဘက်ကျူံး လုံခြုံရေး စီစီတီဗီ ကင်မရာများ တပ်ဆင်ရာတွင် အသုံးပြု သွားမည်ဟု ဒုမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။
“လမ်းလျှောက်သင်္ကြန် လုပ်မယ့်နေရာကို ဦးစားပေးအနေနဲ့ စီစီတီဗီတွေ အရင်တပ်မယ်။ ပြီးရင်ပိုတဲ့ငွေကို မြို့တွင်း လမ်းတွေမှာ လုံခြုံရေးအနေနဲ့ တပ်မယ်။ တကယ်လို့ အမှုအခင်း တခုခုဆိုရင် ဒီကင်မရာတွေမှာ မှတ်တမ်းတွေရှိသလို ရဲအရေးပိုင်တဲ့ ကိစ္စတွေအတွက် သက်သေအနေနဲ့ ပေးပို့သွားမယ်”ဟု ၎င်းက ဆိုသည်။
တောင်ဘက်ကျူံးမှအပ ကျန်သည့်ကျူံးဘေး ပတ်လည် ၃ နေရာ၌ သင်္ကြန်မဏ္ဍပ်နေရာ ချထားပေးရန် မန်းစည်ပင်ထံ မှ လေလံအောင်နိုင်ခဲ့သည့် မဏ္ဍပ်ပိုင်ရှင်များက ထည့်ဝင်သည့် အလှူငွေ ကျပ်သိန်း ၂ ထောင်ကျော် ရရှိရာ ထိုငွေ များကို သင်္ကြန်လုံခြုံရေးအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒုမြို့တော်ဝန် ဦးရဲမွန်က “ဘယ်နှစ်လုံးတပ်မယ် ဆိုတာတော့ အသေးစိတ် မတွက်ရသေးပေမယ့် လမ်းလျှောက် သင်္ကြန် လုပ်မယ့် တောင်ဘက်ကျူံး စီစီတီဗီ တပ်ဖို့ သိန်း ၁ ထောင်လောက် လျာထားတယ်”ဟု ပြောသည်။
မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ၂၀၁၇ ခုနှစ် လမ်းလျှောက်သင်္ကြန် ပွဲတော်အတွက် ကျူံးတောင်ဘက် ၂၆ ဘီ လမ်းမကြီးပေါ်တွင် ၇၈ လမ်းမှ ၆၆ လမ်း အထိ ပြုလုပ်သွားမည်ဖြစ်ဟု ဆိုသည်။
ထိုလမ်းတလျှောက်တွင် ရေကစားမဏ္ဍပ်နှင့် စတုဒီသာ ကျွေးမွေးမည့် မဏ္ဍပ်ငယ်ပေါင်း ၅၀ ခန့် နေရာချထားရန် လျာထားကြောင်း သိရသည်။
မန်းစည်ပင် ကော်မတီဝင် ဦးကျော်ရင်မြင့်က “လမ်းလျှောက် သင်္ကြန်လည်း ဖြစ်တာကြောင့် လုံခြုံရေးကို အထူး စီစဉ် ထားတယ်။ စီစီတီဗီတွေတပ်ပြီး စောင့်ကြည့်မှာ ဖြစ်သလို လမ်းသွယ်တွေကနေ ကျူံးလမ်းအဝင်မှာလည်း ရဲတပ်ဖွဲ့ တွေ က စစ်ဆေးသွားမှာ”ဟု ပြောသည်။
မန္တလေး သင်္ကြန်ပွဲတော် လုံခြုံရေးအတွက် နယ်မြေရဲတပ်ဖွဲ့၊ စည်ပင်ရဲ၊ စည်ပင်အခွန်ဌာန၊ မီးသတ်၊ ကြက်ခြေနီ စသည့် တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၅၀၀ ခန့်ဖြင့် စောင့်ကြည့်စစ်ဆေး သွားမည်ဖြစ်ကြောင်း မန်းစည်ပင်မှ သိရ သည်။
သင်္ကြန်မဏ္ဍပ်များ၏ ရေပက်ချိန်ကို နံနက် ၇ နာရီမှ ၁၂ နာရီအထိ လည်းကောင်း၊ နေ့လယ် ၃ နာရီမှ ညနေ ၆ နာရီ အထိ လည်းကောင်း သတ်မှတ်ထားပြီး တောင်ဘက်ကျူံးတွင် မြို့တော်ဝန်မဏ္ဍပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ နန်းမြို့သူ မဏ္ဍပ်၊ မြန်မာ့ ခရီးသွားလာရေး လုပ်ငန်းမဏ္ဍပ်၊ စတုဒီသာနှင့် ရေကစားမဏ္ဍပ်ငယ် ၅၀ ၊ အခြား ကျူံး ပတ်လည်တွင် ရေကစားမဏ္ဍပ်ကြီး ၁၂ ခု၊ မြို့တွင်းတွင် ၉ ခု၊ ကန်တော်ကြီးတွင် ၁ ခုနှင့် မနော်ရမ္မံတွင် လူငယ် သင်္ကြန် အတွက် ရေကစားမဏ္ဍပ် ၁ ခု စီစဉ်ထားသည်ဟု ဆိုသည်။
ယခုနှစ် မန္တလေး သင်္ကြန် ပွဲတော်ကာလ အသုံးပြုရန် လျာထား ဘတ်ဂျက်ငွေ ကျပ်သိန်း ၄,၄၀၀ ဖြစ်ပြီး ယခင်နှစ် သင်္ကြန်တွင် ကျပ်သိန်း ၄,၅၀၀ ခန့် သုံးစွဲခဲ့ကြောင်း မန်းစည်ပင်မှ သိရသည်။