Eleven မီဒီယာ group မှ မုံရွာအခြေစိုက် သတင်းထောက်တဦး လုပ်ကြံသတ်ဖြတ်ခံရမှုကို စုံစမ်းနေမှုမှာ လေးလနီးပါးကြာမြင့်ပြီဖြစ်သော်လည်း အခြေအနေတိုးတက်မှုမရှိသေးသည့်အတွက် ကျန်ရစ်သူမိသားစုများနှင့် မိတ်ဆွေများမှာ စိတ်ပျက်အားလျော့လာကြသည်။
အသက် ၃၆ နှစ် အရွယ်ရှိ ကိုစိုးမိုးထွန်း၏ ဒဏ်ရာများနှင့် ရုပ်အလောင်းကို စစ်ကိုင်းတိုင်း၊ မုံရွာ မြို့နယ်ရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီက တွေ့ရှိခဲ့သည်။ သေမှုသေခင်း စစ်ဆေးသော အခါ သူသည် ရိုက်နှက်ခံရသောကြောင့်ဦးခေါင်းခွံကွဲကာ သေဆုံးခြင်း ဖြစ်သည်ဟု သိရသည်။
“လေးလတောင်ရှိသွားပီ။ အခုချိန်ထိလည်းဘယ်သူမှဖမ်းမမိသေးဘူး။ အမှုက ဒီအတိုင်းမပြီးဘဲပျောက်သွားမှာစိတ်ပူတယ်။ အဓိက ဘယ်သူက ဘာကြောင့်လုပ်တယ်ဆိုတာသိချင်တယ်” ဟု ကိုစိုးမိုးထွန်း၏ဇနီးဖြစ်သူ မခင်ချိုလတ်က ပြောသည်။
အသတ်ခံရသော သတင်းထောက် ကိုစိုးမိုးထွန်း၏ ငွေ၊ ရွှေလက်စွပ်၊ မှတ်ပုံတင်ကဒ် စသည့်ပစ္စည်းများကို လုပ်ကြံ သတ်ဖြတ်သူတို့က ယူဆောင်သွားခြင်း မရှိကြပေ။
အမှု၏နောက်ကွယ်မှအကြောင်းအရင်းများကို ရဲတပ်ဖွဲ့မှ မထုတ်ဖော်နိုင်သေးသော်လည်း သူသည် လက်ပံတောင်းကြေးနီစီမံကိန်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ လယ်ယာမြေ သိမ်းယူခြင်း စသည်တို့နှင့် ပတ်သက်၍ သတင်းရေးသား တင်ပြနေသူ ဖြစ်သည်။
အသတ်ခံရသောညက သူ သွားရောက်ခဲ့သော Blue Sky KTV အမည်ရှိ မုံရွာရှိ ကာရာအိုကေ ဆိုင်မှ ဝန်ထမ်း အများအပြား အပါအဝင် လူ ၃၀ ကျော်ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်။ ထိုဆိုင်မှ ထွက်လာပြီး မကြာမီ သူ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
Blue Sky KTV ဝန်ထမ်း နှစ်ယောက်နှင့် သစ်တင်ကားမောင်းသမား တဦးတို့ကို ထိုအမှုအတွက် ခေါ်ယူ စစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ ၎င်းတို့ကို အရေးယူရန် လုံလောက်သော အထောက်အထား မရှိဟု ရဲတပ်ဖွဲ့က ပြောသည်။
“ရဲတွေက ဒီအမှုကို ပထမဆုံး တ လလောက်ပဲ အာရုံစိုက်ပြီး လိုက်ကြတယ်။ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ သူတို့ဘက်က ဒီအမှုပေါ်မှာ ဖိဖိစီးစီး မလုပ်တော့ဘူးလို့ ကျတော်ကတော့မြင်တယ်” ဟု ကိုစိုးမိုးထွန်း၏ မိတ်ဆွေ မုံရွာဂေဇက် Monywa Gazette (တာဝန်ခံ) အယ်ဒီတာ ကိုသက်က ပြောသည်။
အမှုစုံစမ်းနေစဉ်ကာလအတွင်း မုံရွာမြို့မရဲစခန်း၏ စခန်းမှူးမှာ ရန်ကုန်သို့အပြောင်းအရွှေ့ကျခဲ့သည်။ သူ၏ နေရာတွင် အစားထိုးတာဝန် ထမ်းဆောင်သူ ဦးတင်ယုက စုံစမ်းစစ်ဆေးရာတွင် တိုးတက်မှု မရှိသေးကြောင်း၊ ဆက်လက် စုံစမ်းဆဲ ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်း ပစ်သတ်ခံရသော ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အပါအဝင် ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံတွင် အသတ်ခံရသည့် သတင်းသမား အနည်းဆုံး ၄ ဦးရှိပြီဟု သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (Committee for the Protection of Journalists) ၏ အဆိုအရ သိရသည်။ ကိုစိုးမိုးထွန်းသည်ငါးယောက်မြောက်ဖြစ်သည်။
ကိုစိုးမိုးထွန်းအသတ်ခံရခြင်းသည် အငြင်းပွားဖွယ်ရာ သတင်းများကို သတင်းရယူခြင်းကြောင့် ဟုတ်/မဟုတ် ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း ယခုကိစ္စသည် အလားတူ သတင်းမျိုး ရေးသားကိုင်တွယ်ရာတွင် နောက်တွန့်စေနိုင်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်မှ ဦးမြင့်ကျော်က ပြောသည်။
“ကျတော့်အမြင်မှတော့ပေါ်ဖို့မျှော်လင့်ချက်တော့သိပ်မရှိဘူး။ တခြားသောအမှုတွေ လေးလောင်းပြိုင်အမှုတွေ မပေါ်ကြသလိုပဲ” ဟုသူက ဆက်ပြောသည်။”
လွတ်မြောက်နေသည့် တရားခံများကို ဥပဒေနှင့် အညီတရားစီရင်ပြီး တရားဥပဒေ စိုးမိုးစေရန် အစိုးရက လုပ်ဆောင်ရမည် ဟု ဦးမြင့်ကျော်က ပြောသည်။ ။