နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှ လူနည်းစု မွတ်ဆလင် အသိုင်းအဝိုင်း အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများ ကျူးလွန်နေခြင်း မရှိကြောင်း ပယ်ချလိုက်သည်။
ရိုဟင်ဂျာ ဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ကြသူ မွတ်ဆလင်များ နေထိုင်ရာ ရခိုင်ပြည်နယ်တွင် ပြဿနာတခုရှိနေသည်ဟု နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ် အောင်ဆန်းစုကြည်က အသိအမှတ်ပြုခဲ့သော်လည်း လူမျိုးတုန်း သတ်ဖြတ်မှုဆိုသည့် စကားလုံးက သုံးစွဲရန် ပြင်းထန်လွန်းသည်ဟု ယုံကြည်ကြောင်းပြောသည်။
ဘီဘီစီ သတင်းဌာန နှင့် ပြုလုပ်သည့် အင်တာဗျူးတခု တွင် ဒေါ်အောင်ဆန်းစုကြည်က“ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ကျမ မထင်ပါဘူး။ ဘာတွေဖြစ်နေသလဲ ဆိုတာကို ဖော်ပြဖို့ အတွက် လူမျိုးဖြုတ်သတ်ဖြတ်မှု ဆိုတာကို သုံး တာက အရမ်းပြင်းထန်တယ်လို့ ကျမထင်ပါတယ်” ဟု ပြောသည်။
“အဲဒီမှာ ရန်လိုမှုတွေ အများကြီး ရှိနေတယ်လို့ ကျမ ထင်ပါတယ်။ တကယ်လို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ ထင်ရင် မွတ်ဆလင်တွေကလည်း မွတ်ဆလင်တွေကို သတ်နေပါတယ်။ ဒါက ရှင်တို့ နာမည်တပ်နေသလို လူမျိုးတုန်း သတ်ဖြတ်မှု မဟုတ်ပါဘူး။ ကွဲပြားနေခြင်းမှာ အကွဲအပြဲဖြစ်နေကြသူတွေကိစ္စ ဖြစ်ပါတယ်။ ဒီကွဲပြားမှုကို နီးကပ်သွားစေနိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီ သတင်းထောက် Fergal Keane က နေပြည်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ရာ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်အတွက်လည်း ဖြေကြားပေးခဲ့သည်။ ထိုဖြေကြားမှုတွင် တပ်မတော်နှင့် ဆက်ဆံရေးကို ယခုကဲ့သို့ ဖြေကြားသွားသည်။
“အရင်တုန်းက ဆိုလို့ရှိရင် ကျမတို့ကို ဝေဖန်ခဲ့ပါတယ်။ တပ်နဲ့ ပတ်သက်ပြီး သိပ်ပြီး တင်းမာတယ်ပေါ့။ ကျမတို့ကနေပြီးတော့ ပိုပြီး ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံလို့ ရှိရင် ပြဿနာတွေဟာ ပိုပြီး ပြေလည်နိုင်တယ်လို့ ပြောတယ်။ အဲဒီလူတွေကပဲ အခုကျတော့ တပ်နဲ့ ပြေလည်အောင် ကြိုးစားလွန်းပါတယ် လို့ ပြောတယ်။ အဲဒီလို ဆိုလို့ ရှိရင်လည်း ကျမတို့က မဇ္ဈိမ ပဋိပဌာ အလယ် အလတ်လမ်း ကနေပဲ သွားနေတယ်လို့ ယူဆရမှာပေါ့”