ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ဘုရားကြီး ဆည်မြောင်းတည်ဆောက်ရေး(၂) ဝန်ထမ်းအိမ်ရာဝင်းအတွင်း နေထိုင်သည့် ပြည် နည်းပညာတက္ကသိုလ်မှ နည်းပြဆရာမတဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ရန် ကားဖြင့် သယ်ဆောင်လာသူကို ညတွင်းချင်း ဖမ်းဆီးမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက် ၄၂ နှစ်အရွယ် ဒေါ်နေဝါစိုးက ပြည် နည်းပညာတက္ကသိုလ် (IT Major) သုတနည်းပညာဋ္ဌာနမှ လက်ထောက်ကထိက ဒေါ်သိင်္ဂိဝင်း ၄၂ နှစ်ကို ယမန်နေ့ည ၁၀ ခန့်က သတ်ဖြတ်ခဲ့ပြီး အလောင်းအား ဖျောက်ဖျက်ရန် ထုတ်ပိုးပြီး လိုက်ထရပ်ကားငှားရမ်း တင်ဆောင်လာစဉ် ည ၁၁ နာရီခွဲခန့်က ပြည်မြို့ ဗိုလ်ချုပ်လမ်း Smile Motel အနီးတွင် ဖမ်းဆီးခဲ့မိခြင်း ဖြစ်သည်။
ပြည်မြို့ အမှတ်(၂) ရဲစခန်း စခန်းမှူး ဦးတင်ကိုက “လှည့်ကင်းကားကို လူတယောက်က လာတားတယ်။ ကားပေါ်မှာမသင်္ကာစရာ အထုတ်တထုတ် တွေ့တယ်ဆိုပြီး လာတိုင်လို့ သွားစစ်လိုက်တော့ ပီနံအိတ်နဲ့ ထုတ်ထားတဲ့ အထုတ်ကို ဖြည်ကြည့်လိုက်တော့ မွေ့ယာတွေ စောင်တွေနဲ့ အထပ်ထပ် ထုတ်ထားပြီး လူသေအလောင်းရဲ့ လက်တွေခြေတွေကို တိတ်တွေနဲ့ ပတ်ထားတာတွေ့ရလို့ ဖမ်းဆီးစစ်ဆေး နေတယ်” ဟု ပြောသည်။
ကျုးလွန်သူ အမျိုးသမီးသည် အလောင်းကို ဖျောက်ဖျက်ရန် လိုက်ထရပ်ကားကို ငှားရမ်းခဲ့ပြီး ကားပိုင်ရှင်နှင့် ၎င်းက ရှေခန်းမှ လိုက်ပါပြီး၊ ယာဉ်နောက်လိုက်ဖြစ်သူက အထုတ်နှင့်အတူ ယာဉ်နောက်ခန်းမှ လိုက်ပါလာစဉ် အနံအသက်မကောင်းသဖြင့် သင်္ကာမကင်းဖြစ်ပြီး လှည့်ကင်းလှည့်နေသည့် ရဲဝန်ထမ်းများကို အကြောင်းကြားခဲ့ရာမှ ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စခန်းမှူး ဦးတင်ကိုက ရှင်းပြသည်။
သတ်ဖြတ်ခဲ့သူ အမျိုးသမီးမှာ ပြည်မြို့ဆည်မြောင်းဝန်းအတွင်း နေထိုင်သည့် အင်ဂျင်နီယာတဦး၏ ဇနီးဟောင်း ဒေါ်နေဝါစိုးဖြစ်ပြီး၊ အသတ်ခံရသည့် နည်းပညာဆရာမမှာ အဆိုပါအင်ဂျင်နီယာနှင့် လက်ရှိအချိန်တွင် တရားဝင် ပေါင်းသင်းနေထိုင်နေသည့် ဇနီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျုးလွန်သူက ဧပြီ ၃ ရက်ညက ပဲခူးကနေ ပြည်ကို ထွက်လာပြီး တည်းခိုခန်းတခုမှာ တည်းနေတယ်။ ဧပြီ ၅ ရက် မနက်မှာ သားအလတ်က သူ့နဲ့ လာတွေ့တယ်။ ပြီးတော့ နေ့လည်တနာရီမှာ အိမ်နောက်ဖေးပေါက်ကနေ သူ ခိုးဝင်ပြီး ပုန်းနေတယ်။ ည ၁၀ နာရီလောက်မှာ အချင်းများကြပြီး လက်လွန်ခြေလွန် ဖြစ်သွားတာပါ” ဟု မြို့မရဲစခန်းမှူး ဦးတင်ကိုက ပြောသည်။
ခင်ပွန်းဖြစ်သူ အင်ဂျင်နီယာနှင့် တရားဝင် အိမ်ထောင်ကွဲစဉ်က သားနှစ်ဦးကို ဖခင်ဖြစ်သူနှင့် ထားခဲ့ပြီးနောက် ပြည်မြို့သို့ သားသမီးကိစ္စဖြင့် ရောက်ရှိလာပြီး ထိုကိစ္စဖြင့် စကားများကြရာမှ လုံးထွေးသတ်ပုတ်စဉ် အနီးရှိ သံတူဖြင့် ဆရာမ၏ ဦးခေါင်းကို ထုလိုက်ရာမှ သေဆုံးသွားရာတွင် အလောင်းကို ဖျောက်ဖျက်ရန် ကြိုးစားခဲ့ချိန်၌ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း စခန်းမှူး ဦးတင်ကိုက ပြောသည်။
လူသတ်၍ အလောင်းကို ဖျောက်ဖျက်ရန် ကြိုးစားသူ ပဲခူးမြို့နေ ဒေါ်နေဝါစိုးကို လူသတ်အလောင်းဖျောက်ရန် ကြိုးစားမှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ အရ ပြည်မြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။